top of page

လက်ထပ်ပွဲ

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Aug 27, 2025
  • 1 min read
GMR
GMR

ခဏနေ ကျနော်ရယ်၊ မင်းရယ်၊ ဘုန်းတော်ကြီးရယ် ဒီသီချင်းကို သံပြိုင်ရွတ်ဆိုတော့မယ်။

မနက်က အိနေအောင်လှတယ်။ ဘုရာကျောင်းတစ်ခုလုံး စိမ်းစိမ်းစို လို့။ သစ်ပင်တွေ ကလဲ အရင်နေ့တွေထက် ပို တင့်တယ်လွန်းတယ်။ နေထွက်စကတည်းက တိုက်တဲ့လေမှာ အလွမ်းတစ်ရွေးသားမှ မပါဘူး။ ငှက်ကလေးတွေ ရဲ့ သီချင်းကလည်း အရာအားလုံး ခုမှစ တယ် ဆိုလားပဲ။ ပန်းတွေကလည်း နောက်ထပ် ထပ်မွှေးလို့ မရတော့မဲ့ ပုံနဲ့ နေရောင်လုံနေတာ။ အိပ်မက်တွေထဲက အပြင်ထွက်လာတဲ့ မနက်လေးပါ။

သူမလက်တွေနဲ့ အသက်သွင်းတယ် ဆိုပါစို့။ သူတို့ရင်ခုန်သံကြောင့် စန္ဒယားဆရာ လက်မှိုင်ချရဦးမယ်ထင်ရဲ့။ အားလုံးမနာလို လောက်အောင် လူတစ်စုံ စပ်တူလင်းမဲ့ မနက်ခင်းလေးပါ။ ဒါဟာ ဘယ်တော့မှ မငြိမ်းမဲ့ မီးရှုးတိုင်တစ်ခု ဖြစ်မယ်။ သိပ်မကြာခင် ဘုရားကျောင်းဟာ အသက်ဝင်လာတော့မယ်။ သူ့တသက်လုံးလဲ ဒီနေ့လောက် ဘယ်တုန်းကမှ မမောက်မာခဲ့ဖူးဘူးနေမယ်။ သူ့ရင်ခွင်ထဲကို ခဏနေလာမယ့် လူနှစ်ယောက်က

ကမ္ဘာတည်မယ့် သစ္စာကို စိတ်တစ်ခုလုံးနဲ့ အသီးသီးရွတ် ဆိုမှာ သူသိထားတယ်။

ခေါင်းလောင်းကြီးကလည်း အဲဒီနှစ်ယောက်ကိုယ်စား

တလောကလုံး ကြားအောင် မြည်ပြဖို့ အသင့်အနေအထား ပြင်လို့။ ပတ်ဝန်းကျင်တစ်ခုလုံး နောက်တစ်ခါ ဒီလို ဖြစ်နိုင်ဖို့ ဆိုတာ သူတို့တွေလူပြန်ဖြစ် ဖို့လိုတယ်။


သူမလဲ တစ်ညလုံး အိပ်ပျော်မယ်မထင်ဘူး။ အဖြူရောင်ဝတ်စုံကို ကြည့်ရင်း နည်းနည်း ထူးဆန်းကောင်းထူးဆန်းနေမယ်။ မနက်ဖြန်ကို ရင်ဖိုနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ မနက်ရောက်တာနဲ့ ကိုယ့်ကိုယ်ကို အလှဆုံးဆိုတဲ့စိတ်နဲ့အဲဒီ ဝတ်စုံကို ဝတ်ဆင်ရ ဦးတော့ မယ်။ အရင်ကတည်းက ဆိုပြီးသား သစ္စာကို အပိုလူတွေရှေ့မှာ ကျူးပြရဦးမယ်။

ဘာရယ် မဟုတ်ပေမဲ့ ကျနော်တို့ ဂုဏ်သိက္ခာဆိုတဲ့ အပိုဒ်ကို ရွတ်ဆိုရဦးမယ်။

ကျနော် တစ်ခါမှ တွေးမထားဘူးတဲ့ အထဲမှာ သူမနဲ့လက်ထပ်ခြင်းလဲ ပါတယ်။ သူမကိုတိုင် ဘယ်ဝိဉာဉ် ခွန်အားနဲ့ခေါင်းညိမ့်ခဲ့လဲ သိနိုင်မယ် မထင်ပါဘူး။ ဒီလောက်ကောင်းတဲ့ ကံကြမ္မာမို့ ဒီတစ်ခါပဲ လာတာနေမှာပါ။ ကျနော် ဘယ်အခါမှ ဒီလောက်ကံမကောင်းခဲ့ပါဘူး။ ခဏ နေတာနဲ့ ကျနော် မင်းအနား ရောက်လာတော့မှာပါ။ ဘယ်တော့မှလည်း ခွဲခွါသွားတော့မယ် မဟုတ်ပါဘူး။ ကျနော်တို့ အိမ်ပြန်ချိန် မတိုင်ခင်အထိပေါ့။

…………………………………………

……………………………


I now pronounce you man and wife.

You may kiss the bride.

ခဏနေ ကျနော်ရယ် ၊မင်းရယ်၊ ဘုန်းတော်ကြီးရယ် ဒီသီချင်းကို သံပြိုင်ရွတ်ဆိုတော့မယ်။


(ဝ)

သွေးနည်းနည်းလောက်တော့ ချန်ထားပေးပါလား။

ကျနော် လာခဲ့ကြောင်း ခဏလေး သွားပြောပါရစေ။

သူမက သိပ်စိတ်ပူတတ်တယ်။


GMR

Comments


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page