top of page

စိန်ပန်းပြာပင်အောက်က ခရေပွင့်များ

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Nov 28, 2018
  • 1 min read

Updated: Sep 3, 2020

ညနေခင်းနေလုံးနီကြီးက ရှေ့တည့်တည့်က ရေကန်ကြီးထဲကို နစ်မြုပ်ပျော်ဝင်သွားတော့မယ်။

ငှက်ကလေးတွေက စိုးစီလို့ အိပ်တန်းလည်းပျံတော့မယ်။

စိန်ပန်းပြာတွေလည်း ရူးသွားလောက်အောင်ကို လှနေတော့မယ်...။


ဒီနေရာမှာ တစ်ယောက်တည်း လာလွမ်းနေတာလား...

ရော့........ ခရေလေးတွေ ကောက်လာပေးတယ်..

မွှေးကြည့်ပါလား....


တိုးတိတ်တဲ့ ခြေသံနဲ့အတူ အက်ရှရှအသံတွေကို ...

လှည့်မကြည့်လည်း မြင်နေတယ်... အသံမကြားခင်ကလည်း သိနေတယ်။

လေတိုးသံလေးသဲ့သဲ့ ကြားလိုက်သလိုပဲ.......

မင်းဝေ့ဝဲတိုက်ခတ်လာမယ်ဆိုတာလည်း သိနှင့်နေတယ်....

ဒါပေမဲ့....

မင်းကိုယ်သင်းနံ့ကို ရှုမိမှာစိုးလို့...

အသက်ကို အောင့်ထားမိတာ ဘာကြောင့်ပါလဲ။


ကြံရာမရလို့ ဖဲဗေဒင်သွားကြည့်မိတယ်ဆိုရင်

ကိုယ့်ကို ရူးသွားပြီလို့ ပြောမှာလား...

ဟောနေတဲ့သူတောင် မဟောတတ်အောင် ဖြစ်ခဲ့ရပေမဲ့

စားပွဲပေါ်က ဖဲကဒ်တွေရဲ့ အဓိပ္ပာယ်ကို ကိုယ်ကတော့ သိနေခဲ့တာ...


မင်းကလည်း ကိုယ့်ကို ချစ်နေတယ်ဆိုပဲ.........

ဒါပေမဲ့ ဘာတွေကတားမြစ်ထားကြလို့လဲမသိ

နှစ်ယောက်လုံးက မဖွင့်ဟကြဘူးတဲ့...

စိန်ပန်းပင်အောက်ရောက်မှ ခရေတွေကို နင်းခြေလို့...

ကိုယ်စိတ်လွတ်လက်လွတ် အော်ရယ်ပစ်လိုက်တယ်။


ကိုယ်ဘာဖြစ်သွားတာလဲ........

ကိုယ့်ကိုကိုယ်လည်း နားမလည်တော့ဘူး...။


စကားတွေ ပြောတတ်သလောက်....

မင်းအနားမှာရှိနေရင် ဘာစကားပြောရမှန်းမသိအောင် ဆွံ့အလို့နေမိတာ....

အ အ မ တစ်ယောက်လိုဖြစ်လို့ ကိုယ့်ကိုကိုယ် ကျိန်ဆဲမိတာလည်း အခါခါ..

အမှားမှားအယွင်းယွင်းတွေကလည်း ခဏခဏဖြစ်လို့နေတာ...

တစ်ခါတလေ....... စကားတစ်ခွန်းမှ မပြောဘဲ...

မင်းရဲ့ကိုယ် ချာတစ်ပတ်လှည့်သွားတဲ့အထိ ကော်လာစကနေ ဖမ်းဆွဲပြီး

စိတ်လွတ်လက်လွတ် ဖက်ထားလိုက်ချင်မိတာ...


ဒီမှာလာလွမ်းနေတာသိလို့ မရရအောင်လိုက်ရှာပြီး လိုက်လာတာ....

ပြောခဲဖူးတဲ့ မင်းစကားတွေ မင်းတောင်မှတ်မိတော့မယ် မထင်မိပါဘူး....


အခုတော့လည်း ကိုယ့်နောက် မလိုက်လာတော့ဘူး မဟုတ်လား...

မသိချင်တော့ဘူး မဟုတ်လား......


မသိချင်ပါနဲ့

မလိုက်လာပါနဲ့......

မမြင်လိုက်ပါနဲ့.......

ကိုယ့်ကိုကိုယ် သတ်သေလိုက်ချင်နေမိတဲ့ အဖြစ်တွေမို့......


တစ်သက်လုံးသာ ထားရစ်ခဲ့လိုက်ပါတော့ကွယ်.....


♫••·˙အိမ့်ချမ်းမြေ့ ˙·••♫

Comments


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page