နွေရောဂါ
- အိမ့်ချမ်းမြေ့
- Jun 30, 2011
- 3 min read

ကမ္ဘာကြီး၏ အနောက်မြောက်ဘက်စွန်းတွင်ရှိသော ကနေဒါနိုင်ငံတွင် နေထိုင်ကြသူများကို ရေခဲအိမ်အစ်ဂလူးများထဲတွင် နေထိုင်ကြသူူများဟု အချို့လူများက ထင်တတ်ကြပေသည်။ ကနေဒါအနောက်ဘက်ကမ်းခြေရှိ ဗင်ကူးဗားမြို့လေးတွင် နေထိုင်ကုန်ကြသော လူများကတော့ ယခုအချိန်တွင် ကိုယ်ပေါ်မှာ အဝတ်အစားတောင် မကပ်နိုင်ကြတော့။ အပူချိန် ၂၅မှ ၃၈ ဒီဂရီစင်တီဂရိတ်ထိ ပြေးနေသော သည်ရက်သတ္တပတ် နှစ်ပတ်သည် သည်မြို့ရှိလူများအတွက် ပေါက်ကွဲတော့မည့် မီးတောင်နားမှာ၊ ဂွမ်းကပ်စောင်ကြီးများကိုခြုံ၊ မီးများကိုဖိုပြီး အစုလိုက်အပြုံလိုက် စခန်းချနားနေရသကဲ့သို့ ဖြစ်နေကြပေသည်။
ခြောက်ကပ်ပြီးအဝါရောင်သန်းလာနေသော အိမ်ရှေ့ရှိ မိမိပိုင်မြက်ခင်းပြင်များကို ရေလောင်းရန်လည်း မည်သူမျှ စိတ်ဝင်စားမှု မရှိကြတော့။၊ အပူချိန်ပြင်းထန်၍ ကြွေကျလာနေသော အများပြည်သူလမ်းပေါ်ရှိ သစ်ရွက်ခြောက်များကိုလည်း တက်ညီလက်ညီ ရှင်းလင်းကြရန်လည်း အရင်လို ဂရုမထားနိုင်ကြတော့။ အရိပ်ရရန် အစိုးရက စိုက်ထားပေးသော လမ်းဘေးရှိ ပြည်သူပိုင်သစ်ပင်များကို မိမိ အသိစိတ်ဓာတ်ဖြင့်အိမ်တိုင်းမှ ရေထွက်လောင်းရန် သတင်းစာများမှ လှုံဆော်သော်လည်း နေပူထဲမထွက်လို၍၊ ရေမီတာတက်မှာစိုးရိမ်၍၊ မိုးများသော သည်မြို့မှာ မကြာခင်မိုးရွာမှာပဲ.. ထားလိုက်ပါ ဟူသော အကြောင်းပြချက် အမျိုးမျိုးဖြင့် မည်သူကမှလည်း သစ်ပင်များကို အရေးတယူ ရေမလောင်းကြတော့။ ကနေဒီယန်ဒေါ်လာ နှစ်ရာခန့်ပေးလျှင်ပင် လေအေးစက် ကောင်းကောင်းတစ်လုံးကို ပိုင်ဆိုင်နိုင်သော်လည်း၊ အအေးပိုင်းနိုင်ငံဖြစ်သဖြင့် သာမန်နွေရာသီများတွင် အပူချိန် ၂၀ဒီဂရီထက် ကျော်သည်မှာ ရှားပါးသဖြင့် တော်ရုံအိမ်များမှာ လေအေးစက်များ တပ်ဆင်ထားခြင်းမရှိ။ ထိုသို့သော လေအေးစက်မရှိသော အိမ်များတွင် ကျွနု်ပ်၏အိမ် ပါဝင်ရလေကား ကျွနု်ပ်အဖို့ နေ့နေ့ညည အပူဒဏ်ကို လှိမ့်လို့ခံနေရလေသည်။
အထက်တွင်ပြောခဲ့သလို အအေးပိုင်းတိုင်းပြည်ဖြစ်၍ ဆောင်းရာသီတွင် စတိုင်ကျစွာ ဝတ်စားဆင်ယင်တတ်သော ဗင်ကူးဗားမြို့နေသူ၊ မြို့နေသားများ၏ သရုပ်မှန်တို့သည် ဤအပူချိန်အောက်တွင် ကွင်းကွင်းကွက်ကွက်ကြီး ပေါ်လာကြတော့သည်။ ဗလပြလိုသည်ကို အနေတော်ဖြစ်အောင်ဖန်တီးပေးသော အပူချိန်ကြောင့် ယောင်္ကျားသားများအနေနှင့် အပေါ်ပိုင်းအကျီ ၤမပါ၊ ခြေသလုံးမွှေးများကို အတိုင်းသားမြင်နေရသည့် ဘောင်းဘီတိုများဝတ်ဆင်ပြီး တို့ပတ်ပုဝါစုတ်နှင့် ခပ်ဆင်ဆင်တူသော အဝတ်စုတ်များကို ခေါင်းပတ်ကာ၊ လက်ထဲတွင် ရေခဲရိုက်ကော်ဖီခွက်ကို ဟန်ပါပါကိုင်ပြီး သားရေကြားညှပ်ဖိနပ်များကို အဆီအငေါ်မတည့်စွာ ဝတ်ထားချိန်တွင်…
အသက်ကြီးငယ်ပု၀ မိန်းမမျိုးစုံကလဲ ဘောင်းဘီတိုပွပွကြီးများကို ဝတ်ဆင်ကာ ရှင်မီးလိုအကျီ ၤများကို ဝတ်ဆင်ထားတတ်ကြသည်။ ဆံပင်များကို အလှပြင်ဆိုင်မှာ လှပအောင် ပုံစံအမျိုးမျိုးလုပ်တတ်သည့် ထိုမိန်းမများ၏ ဆံပင်များသည် ယခုချိန်တွင် ကလစ်ကြီးကြီးနဲ့ဘီးစပတ်လို ထုံးထားခြင်းခံကြရလေသည်။ သူတို့၏ ဖြူရော်ရော် အသားများနေလောင်ပြီး နီကြောင်စပ်ဖြစ်မည်ကို စိုးရိမ်သဖြင့် အသားညိုဆေးများ၊ နေကာခရင်(မ်)များကို သုတ်လိမ်းပြီး ညိုစိမ့်စိမ့်အသားအရေဖြစ်အောင် ဖန်တီးကာ လူအများမြင်သာအောင် လမ်းသလားနေတတ်ကြသေး၏။
နေ့လည်ခင်းများတွင် အိမ်အတွင်းမှာ အလွန်ပူသဖြင့် အိမ်နောက်ဘက် ချယ်ရီပင်ရိပ်၊ ပန်းသီးပင်ရိပ်၊ မေပယ်လ်ပင်ရိပ်တို့အောက်တွင် အရိပ်ခိုလိုသော်လည်း လေပူများက အသက်ရှုမွှန်းအောင် တိုက်ခတ်သဖြင့် နေရအလွန်ခက်ပေသည်။ နေရောင်တိုက်ရိုက်ထိသည်နှင့် နီရဲပြီးယားယံလာသော အသားအရည်များကို ကာကွယ်ရန် နေလောင်ခံဆေးလိမ်းရင်း အနံကြီးကွင်းကျယ်တစ်ယောက်ဖြစ်နေပြီလားဟု ကျွန်ုပ်ကိုကျွနု်ပ် စိုးရိမ်မိသေးသည်။ သို့ပါသော်လည်း အရေပြားကင်ဆာရောဂါသည် တစ်ယောက်ထက် အနံကြီးကွင်းကျယ်တစ်ယောက်ဖြစ်နေရခြင်းက ပိုပြီးသက်သာပေလိမ့်မည်ဟု အတွေးရောက်သဖြင့် နေလောင်ခံ ကရင်(မ်)များကိုသာ သဲကြီးမဲကြီး လိမ်းကျံနေရပေသည်။
နေ့လည်နေ့ခင်း တရေးတမောအိပ်လိုပါသော်လည်း ညာဘက်ဘေးအိမ်မှ ဘောလီးဝုဒ်သီချင်းသံ၊ အိမ်နောက်အိမ်မှ သိုးကျောင်းသား သီချင်းသံ၊ ဘယ်ဘက်အိမ်ရေကူးကန်တွင်းမှ ကလေးများဆူညံအော်ဟစ်ရေကစားသံ၊ မြက်ရိပ်စက်သံများ၊ ကားဆေးသံများ၊ ကလေးမက လူကြီးမကျ ဆယ်ကျော်သက်ယောင်္ကျားလေးတသိုက်၏ လမ်းမပေါ်က လူးလာခေါက်တုံ့ မီနီမော်တော်ဆိုက်ကယ်သံ၊ ရေခဲချောင်းကားသံများက ကျွန်ုပ်အား နှိပ်စက်ကုန်ကြလေသည်။ သည်းညည်းမခံနိုင်တော့သည့် နောက်ဆုံး ဘောလီးဝုဒ်သံကို ဖုံးလွှမ်းရန် ရန်ကုန်မှဝယ်လာသော တိတ်ခွေတစ်ခွေကို ကက်ဆက်ထဲ ထည့်လိုက်သည်။ “ကိုယ်ပိုင်သံစဉ်သီချင်းတွေပေးနော်”ဟု မဝယ်ခင်ပြောစဉ်တွင် တိတ်ခွေရောင်းသောကောင်လေးများက “ကျွန်တော်တို့ရွေးထားပေးတာ အကုန်ကိုယ်ပိုင်သံစဉ်ပဲ အစ်မ” ဟူသောစကားကို ယုံစားမိသောကျွန်ုပ်၊ သူတို့ပြောသော ကိုယ်ပိုင်သံစဉ်တေးသွားက နောက်ဖေးအိမ်မှ ဖွင့်ထားသော သိုးကျောင်းသားတေးသံနှင့် တစ်ထပ်တည်း ကျယ်လောင်စွာထွက်လာသဖြင့် အမြန်ပြေးပိတ်လိုက်ရလေသည်။ အခွေရောင်းသည့်သူတိုင်းလည်း သီချင်းတိုင်းကို ကိုယ်ပိုင်သံစဉ်ဟုတ် မဟုတ် အကုန်မသိနိုင်ဟု ဖြေတွေးတွေးလိုက်သည်။ ထိုညကလဲ တိုက်ဆိုင်လွန်းစွာ အငဲနှင့်တွေ့ဆုံခန်းဗီဒီယိုကို မောင်လေးဖွင့်ထားသည်နှင့်ကြုံ၍ ခေတ်နောက်မကျအောင် ခဏထိုင်ကြည့်စဉ်တွင် “ဒီခေတ်မှာ ကော်ပီတွေ ကိုယ်ပိုင်သံစဉ်တွေ မခွဲခြားသင့်တော့ပါဘူး” ဟူသော စကားက ကျွနု်ပ်အား ဒဲ့ကြီးပြောလိုက်သလိုရှိနေသဖြင့် တစ်မျိုးကြီးဖြစ်သွားသေး၏။ မည်သို့ပင်ဖြစ်စေ.. ထိုနေ့နေ့လည်က ကိုယ်ပိုင်သံစဉ်ပဲဖြစ်မှာပါဟု မျက်စိစုံမှိတ်လို့ အတင်းယုံပစ်လိုက်ကာ အသံအေးအေးအဆိုပိုင်ရှင် ဟန်ထွန်း၏ တိတ်ခွေတစ်ခွေကို ကတ်ဆက်ထဲ ထိုးထည့်ကာ နားထောင်လိုက်လေတော့သည်။
နံနက်ခင်းလေးနာရီအထိ အိမ်တွင်းအပူချိန် ၈၈ဒီဂရီဖာရင်ဟိုက်မှ မကျသေးသဖြင့် ဖျာချောတစ်ထည်ကို ကုတင်ပေါ်ဖြန့်ခင်း အိပ်သည့်တိုင် ကုတင်အောက်မှ မီးသွေးမီးဖို ဖိုထားသကဲ့သို့ ခံစားနေရသဖြင့် ကုတင်ပေါ်တွင် တလူးလူးတလိမ့်လိမ့်ဖြစ်နေသည်။ ခွေးတွေကအူ၊ သူခိုးတွေကလဲပူသည့်အပြင် လမ်းမပေါ်မှာ နံနက်သုံးနာရီခန့်ထိ အကျီ ၤချွတ်နှင့်လမ်းသလား နေကြကုန်သော ဆူဆူညံညံ ကာလသားများ၏ အသံများကလဲ ရန်ကုန်နွေညများကိုပြန်လည် သတိရစေသည်။ ပြူတင်းပေါက်များ ဖွင့်အိပ်ကြသဖြင့် သူခိုးမှုက သည်တစ်ပတ်အတွင်းပင် ၁၄ရာခိုင်နှုန်းတက်သည်ကို သတိရလိုက်မိသည်နှင့် ပြူတင်းတခါးများကို စစ်ရန်ထလာမိသည်။ ပြူတင်းပေါက်တွင်ရပ်စဉ် မျက်စောင်းထိုးအိမ်မှ အသက်ငါးဆယ်ကျော် အဖြူတစ်ယောက်၏ ရုပ်မြင်သံကြားမီးရောင်ကို ထင်းရှုးပင်ကိုင်းများကြားမှ လှမ်းမြင်လိုက်ရသည်။သူလဲပဲ အပူဒဏ်ကြောင့် မအိပ်နိုင်၍ ရုပ်မြင်သံကြားထကြည့်နေသည်ပဲ။ ဘာအစီအစဉ်များကြည့်နေလဲဟု စပ်စပ်စုစု ထင်းရှုးပင်ကိုင်းများကြားမှ ချောင်းကြည့်စဥတွင် သည်အရွယ်ကြီး ကလေးကာတွန်းကြည့်နေသည်ကို အံ့သြစွာ သိလိုက်ရပြီးသည့် သကာလ၊ အိမ်နောက်ဘက်ဝရံတာသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။
ဝရံတာရှိ တိုင်ကလေးကိုမှီရပ်ပြီး “လေကလေးတိုက်ပါစေတော့” ဟု ကြိတ်ဆုတောင်းလိုက်သော်လည်း လေတစ်ချက်မျှ တိုက်ခတ်ခြင်းမရှိ။ လေမတိုက်၍ ထီးထီးကြီးငြိမ်နေသော ခြံထောင့်ရှိကျွန်ုပ်၏ချယ်ရီပင်ကို ငေးနေစဉ် ဘေးအိမ်နောက်ဖေးဝရံတာသို့ လူတစ်ယောက်ထွက်လာသည်ကို လှမ်းမြင်လိုက်ရသည်။ ရွှေရောင်ဆံပင်နှင့် ညအိပ်ဂါဝန်ဝတ်ထားသော လူဖြူမက ဆေးလိပ်မီးတဖွားဖွားနှင့် နွေရောဂါကို ဖြေသိမ့်နေပုံရသည်။ လေမတိုက်သော်လည်း ဆေးလိပ်နံ့က ပျံ့လွင့်လာသဖြင့် ဆေးလိပ်နံ့ မခံနိုင်သော ကျွနု်ပ်၊ အိမ်တွင်းသို့ ပြန်ဝင်လိုက်သည်။ ပူစပ်နေသော အိမ်ငွေ့ကို ခံစားနေရသဖြင့် နောက်ဆုံး ရေခဲသေတ္တာအပေါ်ထပ်အခဲခန်း တခါးကိုဖွင့်ကာ မျက်နှာထည့်ပြီး အသက်ရှုလိုက်မှ အနည်းငယ် သက်သာသွားသလိုရှိသော်လည်း မျက်နှာနှင့် လည်ပင်းသာအေးနေပြီး ကျန်တစ်ကိုယ်လုံးပူစပ်နေ၍၊ အခန်းထဲက ပန်ကာကိုယူ၊ ခုံကိုရေခဲသေတ္တာရှေ့တွင်ချ၊ ရေခဲသေတ္တာတံခါးကိုဖွင့်ပြီး ပန်ကာကို ရေခဲသေတ္တာဘက်လှည့်ကာ လေအေးကို ကျွနု်ပ်ကိုယ်ပေါ်သို့ တိုက်ခတ်စေတော့မှ ကျွနု်ပ်၏ နွေရောဂါသည် သက်သာသွားလေတော့သတည်း……။
August 2, 2009
Comments
အပူလှိုင်းတဲ့လေ.. အစ်မ။ နေ့လဲ အိပ်မရ၊ ညလဲ အိပ်မရ။ ကနေဒါမှာနေပြီး ပူလိုက်တာ..လို့ ပြောရင် အရယ်ခံမှာလဲ စိုးရသေးတယ်။ ညီမတော့ မောလ်ထဲ သွားနေလိုက်တယ်..တစ်ခါတစ်ခါ။ :P။
Comment by pN — August 2, 2009 @ 4:50 pm
2. တော်တော့်ကိုပူတယ်လို့ကြားတယ်… လူတွေလဲ ချွေးတွေထွက်နဲနဲလှုပ်တာနဲ့ နုန်းခွေချင်တော့တာဘဲတဲ့.. ဆိုးပါ့နော်..
အေးနေကျနေရာဆိုတော့လည်း..ခံရခက်မှာ.. း(
Comment by စန္ဒကူး — August 2, 2009 @ 6:02 pm
3. နောက်ဆုံး စာကြောင်းလေး ဖတ်ပြီး ဟီးဟီးလို့ အသံထွက် ရယ်မိပြီးမှ ငါ့နှယ်ကိုယ်ချင်းမစာတတ်ရန်ကောလို့ ဖြစ်ရပါတယ် မလေးရေ…
Comment by S-C — August 2, 2009 @ 6:53 pm
4.Ma Lay,
Drink tons of water naw. My family lives about 3 hrs away from where you are so I know how bad the heat wave is. Stay cool.
Lynn
Comment by Lynda — August 2, 2009 @ 8:51 pm
5. ကျွန်တော်နေတဲ့ အရပ်ဒေသကတော့ ပူမပူ မပြောတော့ဘူး ဒီတစ်နှစ်လုံးစာကို မိုးတောင် လေး/ငါး ကြိမ်ဘဲရွာတယ်၊
မိုးလိုရွာတာ သုံးကြိမ်ထက်မပိုသေးတော့ ကိုယ်ချင်းစာပါတယ်
အအေးကြိုက်တော့ တံခါးဖွင့် တံခါးဖွင့်တော့ ခြင်ကိုက် ခြင်ကိုက်တော့ ပြန်ပိတ်
ပြီး ပြန်ပူ ………………….အဲဒီလို
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — August 3, 2009 @ 12:03 am
6. မလေး.. အပူရှပ်ပြီး ဖျားမယ်နော် ပန်ကာနဲ့ရေခဲသေတ္တာပေါင်းပြီး မလေးအအေးမိ
သီးမယ်
ပူအိုက်ရင် စိတ်တိုတတ်တယ်..
ဒီလိုအချိန်တောင် ခပ်မြူးမြူးနဲ့ အရွှန်းစာကထွက်သေးလား..သဘောကျသွားတယ်
Comment by မွန် — August 3, 2009 @ 12:40 am
7. အစ်မရယ်… အဖြစ်ဆိုးလှချေလား………။
Comment by Evergreen Phyo — August 3, 2009 @ 3:51 am
8. မမအိမ့်ရေ တော်တော်ပူနေပုံပဲ။ ယပ်တောင်လာခတ်ပေးချင်တယ် း) ကျန်းမာရေး ဂရုစိုက်ပါမ …
Comment by ရွှေပြည်သူ — August 3, 2009 @ 7:56 am |Edit This
9.buy a cooler, geethaw
or ask him to buy
Comment by westcoast22 — August 3, 2009 @ 10:54 am
10. pN … အဲဒီအကြံမဆိုးဘူး။ ဒါပေမယ့် မလေးက မောလ် မကြိုက်လို့ ပန်းနွယ်ရေ.. အခက်တွေ့နေတာ
စန္ဒကူး .. sauna မသွားဘဲ ချွေးထွက်တာ တစ်ခုတော့ ကောင်းသားနော်..
S-C .. မကြင်နာချင်လဲ ရပါတယ်လေ
Lynda .. မလေး တစ်နေ့ အနည်းဆုံး လေးလီတာသောက်တယ်.. တကယ်
ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား .. အဲကွန်းအပူချိန်မြှင့်ပေါ့…
မွန် .. ဟုတ်သား၊ ခုတောင် လည်ချောင်းနာချင်နေဘီ
Evergreen Phyo .. အစ်မ အသက်ရှင်လျှက်ရှိသေးပါတယ်ကွယ်..
ရွှေပြည်သူ .. ရွှေပြည်သူ အလိုက်သိတယ်တယ်..
westcoast22… ပူလို့ ဘယ်ကိုမှ မခိုင်းနဲ့တဲ့.. ဘယ်လိုလုပ်ကြမလဲ.. ကဲ
Comment by မလေး — August 3, 2009 @ 5:04 pm
11. မလေးရေ .. အဲလောက်တောင်ပူနေလား။
ဘာပဲဖြစ်ဖြစ် မလေးတို့ဆီကမှတော်ပါသေးတယ်။
ရွှေပြည်ကြီးကလူတွေမှာဖြင့် အဲကွန်း ပန်ကာရှိတာတောင် မီးမလာလို့ မဖွင့်နိုင်တဲ့ဘဝတွေမဟုတ်လား။
ပြီးတော့ ဆူညံတဲ့အသံတွေထဲ မီးစက်မောင်းသံကပါသေးတယ်။
ကျန်းမာရေးတော့ဂရုစိုက်မလေးရေ
အပူရှပ်ပြီးဖျားတတ်တယ်။
Comment by မေဓာဝီ — August 3, 2009 @ 8:21 pm
12. အရမ်းအေးတဲ့နေရာဆိုတော့ အဲကွန်းမထားတာထင်တယ်နော်…
ရာသီဥတုလေးအမြန်အေးမြပါစေ…
အမအလုပ်ရှ ုပ်လို့ရော… နေမကောင်းလို့ပါပျောက်နေတာပါ အိမ့်ရေ…
သတိရတာ အရမ်းပျော်တယ်
Comment by တန်ခူး — August 4, 2009 @ 2:37 am
13. ဒီအချိန်ဆို အစ်မမလေး တို့ဆီမှာပူတယ် ဟုတ်လား
ရန်ကုန်မှ ာ မိုးက နေ့လည်းရွာ …ညလည်းရွာနဲ့
အမြဲအပြင်ထွက်နေရတဲ့သူတွေအဖို့ စိတ်ပျက်စရာပဲ
အညာမှာမွေးပေမဲ့ ကျတော်လည်းအပူကြောက်တယ်
မိတ်ဖုတွေပေါက်လွန်းလို့
အစ်မ အစစ အဆင်ပြေပါစေ
ထွန်းနန်ဒ
Comment by tun nanda — August 4, 2009 @ 6:05 am
14. ဟား၂၂ …. ချစ်သောမောင်ကို သူကိုယ်တိုင် မခိုင်းရက်တာကိုးးးး
ဒါဆိုရင် ၂ ရက်အမြန်ချောပို့နှင့် အွန်လိုင်းကဝယ်လိုက်လေ ဟေ ဟေ ဟေ့…
Comment by westcoast22 — August 4, 2009 @ 10:47 am
15. အစ်မ တော်တော်ဆိုးတဲ့ရာသီဥတုဘဲနော်။
Comment by tawtharlay: — August 4, 2009 @ 6:26 pm
16. မေဓာဝီ… အခု နဲနဲလေး အပူလျော့သွားပြီ မမေရေ.. တော်သေးတယ်
တန်ခူး.. အစ်မ ကျန်းမာရေးဂရုစိုက်
ထွန်းနန်ဒ.. အစ်မတို့ လူတွေလဲနော်.. နတ်ကတောင် အလိုမလိုက်နိုင်တော့ဘူး
westcoast22.. သြော်.. ရယ်တာတောင် ၂၂ခါ ရယ်သလား
tawtharlay… ဒီနှစ်အပူအအေးပြင်းထန်တယ်
Comment by မလေး — August 5, 2009 @ 4:56 pm
17. ရေခဲသေတ္တာတံခါးဖွင့် ပန်ကာကိုဖွင့် မြင်ယောင်ကြည့်ပြီးသဘောကျသွားတယ်
ဒို့လဲကိုယ်ကိုယ်ပိုင်သံစဉ်ဘဲသဘောကျတယ် ကော်ပီသီချင်းဖွင့်နားထောင်ရမှာရှက်တယ်
Comment by rose of sharon — August 6, 2009 @ 5:08 am |Edit This
18. မလေး.. အေးချမ်းပါစေ =)
Comment by ShwunMi — August 7, 2009 @ 12:45 am
19. အဲဒီလောက်တောင်ပူတယ်လား…. ရန်ကုန်မှာဆို ပူရင် ဘယ်နားနေရမှန်းမသိ။ အမေကတော့ စောင်ကို ရေဆွတ်ပြီး ပြတင်းပေါက်တွေမှာ ကာထားလိုက်ရော လေတိုက်တော့အေးအေးလေးဖြစ်သွားတာပေါ့..
Comment by ဝေလေး — August 15, 2009 @ 7:38 am
コメント