အငွေ့ (၂)
- အိမ့်ချမ်းမြေ့
- Nov 20, 2016
- 2 min read
ရေကူးကန်ဟာ အပြာရောင်လဲ့နေတယ်။ ဒီရေကူးကန်ဟာ ကိုယ်တည်းတဲ့ ဟိုတယ်အဆောက်အဦးကြီးရဲ့ အလယ်မှာရှိတယ်။ ရေကူးကန်ထဲကရေတွေဟာ အပြာရင့်ရောင်။ ပိန်းပိန်းအောင်မှောင်တဲ့ အနက်အမှောင် အပြာရောင်။ နေ့လည်တုန်းကတော့ အခုလောက်နက်မှောင်အောင် မပြာသေးဘူး၊ ကောင်းကင်ပြာနုနုပေါ်မှာ ဖွဖွလေးပြေးနေတဲ့ တိမ်ဖြူဖြူတစ်အုပ်ကို ဒီရေကန်က အရောင်ဟပ်ထားပေးသေးတာ။
ရေကန်ပတ်ပတ်လည်မှာတော့ အနားယူလှဲလျောင်းနိုင်တဲ့ ကြိမ်ခုံတွေရှိတယ်။ ကြိမ်ခုံတွေဟာ အရောင်လဲတောက်ပသစ်လွင်နေသေးတယ်။ အဲဒီကြိမ်ခုံတန်းတွေရဲ့နောက်မှာတော့ အုန်းပင်တွေ၊ ပင်လယ်ကဗွီးပင်တွေ၊ အစိမ်းရောင်အရွက်ဖားဖား အပင်တွေတန်းစီနေတာ။ အချို့အပင်တွေဟာဆိုရင် အဆောက်အဦးကြီးရဲ့ ပြတင်းပေါက်တွေကိုတောင် လှလှပပ ဝါးမြိုတော့ မယောင်။
ညမှောင်လာပြီမို့ လူရှင်းနေပြီ။ ကိုယ်ကလဲ လူရှင်းချိန်ကို တမင်ရွေးပြီးဆင်းလာခဲ့တာပဲလေ။
ကိုယ်ခြေလှမ်းနေတဲ့နေရာက ၁၈၀၀ခုနှစ်လောက်ကပုံစံမျိုးမီးတိုင်တစ်ခုအနားကို။ အဲဒီမီးတိုင်နားမှာ အစိမ်းရောင်အရွက်ဖားဖားအပင်တစ်ပင်က ဝေဝေဆာဆာအုပ်မိုးနေသေးတာ။ မီးတိုင်ကို အဲဒီအပင်က အုပ်မိုးဝါးယူဖို့ကြိုးစားနေတာလး၊ သူ့ကိုဝါးမြိုဖို့ကြိုးစားနေတဲ့ အဲဒီအပင်ကို မီးတိုင်က သူ့အလင်းနဲ့ပိုလင်းစေနေတာလား။
အဲဒီအစိမ်းရောင်အပင်အောက်က ကြိမ်ခုံမှာ အသာလေးလှဲလျောင်းလိုက်တယ်။ လက်ထဲမှာ ကိုင်ထားတဲ့ ဆေးလိပ်နဲ့မီးခြစ်ကို အဆင်သင့်ပြင်လိုက်တယ်။ ဆေးလိပ်ကို နှစ်သက်လွန်းပေမယ့် ဘဝမှာ နှစ်ကြိမ်သုံးကြိမ်ထက် ပိုပြီးဆေးလိပ်မသောက်ခဲ့သူ။
တစ်ယောက်တည်း အေးအေးဆေးဆေး ဆေးလိပ်သောက်မယ်လို့ ဆုံးဖြတ်ပြီး ဒီရေကန်အနားကိုရောက်လာတုန်းကတော့ စိတ်လှုပ်ရှားသလိုလိုဖြစ်ခဲ့ပေမယ့် ညကလှပလွန်းနေတော့ ပတ်ဝန်းကျင်အလှမှာ ခဏတော့ယစ်မူးလိုက်မယ်လို့ စဉ်းစားမိလိုက်တယ်။
ဘယ်ဘက်ခပ်လှမ်းလှမ်းက ပိတ်ခါနီးအောက်ထပ်စားသောက်ဆိုင်က ပန်းကန်ခွက်ယောက်သိမ်းဆည်းသံ သဲ့သဲ့။ စားပွဲထိုးနှစ်ယောက်သုံးယောက်လောက်က ကန်ဘောင်ပေါ်မှာ ချခင်းထားတဲ့ စားပွဲတွေပေါ်က ပန်းကန်တွေနဲ့ စားပွဲခင်းဖြူဖြူတွေကို သိမ်းဆည်းနေကြတာ။ စားသောက်ဆိုင်ထဲကိုလှမ်းကြည့်လိုက်တော့ အထဲမှာ နိုင်ငံခြားသားအုပ်စု တစ်စုထိုင်နေကြသေးတယ်။
ညာဘက်ကအပေါ် တတိယထပ်က အားကစားရုံထဲမှာ လူနှစ်ယောက် အားကစားလုပ်နေတာ လှမ်းတွေ့လိုက်သေးတယ်။ အဲဒီအရှေ့ဘက် ဒုတိယထပ်မှာရှိတဲ့ နောက်ထပ်စားသောက်ဆိုင်ဝရံတာပေါ်မှာတော့ မီးရောင်မှိန်မှိန်လေးတွေလင်းနေပြီး ကိုယ်လို အေးအေးဆေးဆေးတစ်ယောက်ထဲထိုင်ရင်း ညအလှကိုငေးနေသူတစ်ယောက်ကိုလည်း မြင်လိုက်တယ်။
အဆောက်အဦးရဲ့အလင်းရောင်သဲ့သဲ့နဲ့ ကန်ဘောင်ပတ်လည်မီးတိုင်ဆီက အလင်းရောင်ခပ်မှိန်မှိန်လေးတွေဟာ နက်မှောင်ပြာလွင်တဲ့ရေကန်ထဲမှာ ကူးခတ်ကခုန်နေကြသေးတာ။
ဆေးလိပ်ကို မီးမညှိခင် ကောင်းကင်ကို မော့ကြည့်လိုက်မိတယ်။
ကိုယ်… ရင်ခုန်သွားသလား…။
ဟုတ်တယ်။
ကိုယ်ချစ်နေရသူကို လူတွေအများကြီးကြားထဲမှာ ရုတ်တရက်မြင်လိုက်ရသလို၊ ချစ်သူကို သူမသိအောင် ခိုးလို့လိုက်ရှာနေတုန်း နောက်မှာရောက်နေလို့ ရှက်ရွံ့သွားရသလို၊ ကိုယ်ချစ်ရသူက သူ့ချစ်သူကို ဂရုစိုက်နေတာကို ခပ်လှမ်းလှမ်းကမြင်လိုက်ရလို့ သူတို့အတွက်ကြည်နူးရပေမယ့် ကိုယ့်အတွက်ကတော့ လှမ်းမမှီတဲ့ပန်းအတွက် နှုတ်ခမ်းလေးမသိမသာတွန့်ရုံ ကြိတ်ပြုံးရင်း သူတို့အတွက်ကြည်နူးရင်း ကိုယ့်အတွက် တိတ်တိတ်ကလေး ကြေကွဲတယ်ဆိုရုံလေးကြွေကွဲရတဲ့ခံစားချက်။ အဲသလိုခံစားချက်မျိုး။
ကိုယ်မြင်လိုက်ရတာက… အနောက်ဘက်ကောင်းကင်တွေမှာ ရှာမှရှားတဲ့အရာတွေ၊ နွေလယ်ရောက်တာတောင်မှ သူတို့ကိုမြင်ချင်ရင် မနက် သုံးနာရီလောက်ထကြည့်မှ မြင်ရတတ်တဲ့အရာတွေ…၊ ကိုယ်မြင်နေရတာက … နဂါးငွေ့တန်းထဲမှာမှ လင်းတတ်တဲ့ ကြယ်စုတွေ။
အဲဒီကြယ်တွေကတော့……
ညီအစ်မခုနှစ်ဖော်လို့ အမည်ရတဲ့ ဖျောက်ဆိပ်ကြယ်စု၊ ကြယ်သစ်တွေမွေးဖွားရာ အိုရီယွန်ခါးပတ်လို့ခေါ်တဲ့ မောင်ရင်ဆိုင်းထမ်းကြယ်စု၊ နောက်ထပ် ကြယ်စုတွေ ကြယ်စုတွေ…။
ကိုယ်လက်ထဲမှာ ဖွဖွလေးကိုင်ထားတဲ့ဆေးလိပ်ကို မီးညှိဖို့ ကြိုးစားလိုက်တယ်။ ညာဘက်ခြေထောက်ကိုထောင်၊ ဘယ်ဘက်ခြေထောက်ကိုချပြီး ဟန်နဲ့လှဲအိပ်နေတဲ့ကိုယ်။ ကောင်းကင်ကြီးကိုမော့ကြည့်ရင်း ခံစားချက်အပြည့်နဲ့ပေါ့။ တစ်ကယ်ဆို ဆောင်းလေက ခပ်ကြမ်းကြမ်းတိုက်လာနေတာ။ ဆေးလိပ်ကိုနှစ်သက်လွန်းပေမယ့် ဆေးလိပ်မသောက်သူမို့ မီးခြစ်တောင်အဖြစ်ရှိအောင် မခြစ်တတ်တာလား၊ ဆောင်းလေကပဲ ကြမ်းလို့လေလား။ မီးကမတောက်ဘူး။ သုံးလေးခါခြစ်လို့ မီးတောက်တဲ့အခါမှာလည်း ဆေးလိပ်မှာ မီးမစွဲဘူး။ အခါခါကြိုးစားတယ်။ မီးမစွဲဘဲ အငွေ့တွေထလာလို့ ခပ်ရှက်ရှက်နဲ့ပတ်ဝန်းကျင်ကို မသိမသာဝေ့ဝဲကြည့်လိုက်မိသေးတယ်။ ၁၅နှစ်လောက်က မိဘမသိအောင် ဝရံတာထွက်ပြီး ဆေးလိပ်ခိုးသောက်တာထက်ဆိုးနေတဲ့အဖြစ်။
အစ်ကို့ဆေးလိပ်ဘူးထဲက ဆေးလိပ်တစ်လိပ်ကို ယူပြီး ဝရံတာမှာ ခိုးသောက်ခဲ့ဖူးစဉ်ကပေါ့။ ပထမဆုံးအတွေ့အကြုံမို့ စူးစူးရှရှနဲ့ ရင်ဘတ်ထဲအထိ တိုးဝင်သွားတာများ၊ မျက်ရည်တွေဘာတွေတောင်ဝဲပြီး အသက်ရှုရပ်သွားတော့မလားတောင် ထင်ခဲ့မိသေးတာ။ တစ်ယောက်တည်း ကြိတ်ခံစားခဲ့ရတာများဆိုတာ…။
တစ်ကယ်တော့ ဆေးလိပ်ဟာ ရောဂါသာ မပေးဘူးဆိုရင် တော်တော်လေးကို နှစ်လိုဖွယ်ရာကောင်းတဲ့ အရာတစ်ခုပါပဲ။ အထူးသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတဲ့ အချိန်မှာ သူနဲ့ နှစ်ယောက်တည်း ရှိရတဲ့ အချိန်ဟာ ငြိမ်ဆိမ်လွန်းလှတာပေါ့။ အတွေးတွေကိုလည်း ပိုပြီး ကွန့်မြူးစေတတ်သေးတာ။ ကောင်းကင်ယံကို လွင့်တက်သွားတဲ့ အငွေ့အလိပ်လိပ်လေးတွေက ပန်းချီတစ်ချပ်နဲ့တောင် တူနေသေးတာ၊ လေငြိမ်နေတဲ့ အခါများဆို ကွင်းကလေးတွေလုပ် မှုတ်ထုတ်လို့ ကစားလို့တောင် ရသေးတယ်။ ကိုယ်ကတော့ သိပ်မကျွမ်းကျင်ပါဘူး။ ကွင်းကလေးတွေ မဖြစ်ဘဲ အမျှင်တန်းတွေပဲ ဖြစ်ဖြစ်သွားတတ်တာ။ စိတ်အစဉ်ကလည်း အငွေ့မျှင်လေးတွေလိုပဲ တလွင့်လွင့်နဲ့ လွင့်တက်မြင့်ပျံ….။
တစ်ခါတလေလည်း ချစ်သူကိုဘေးမှာထားလို့ စကားတစ်ခွန်းမှ မပြောဘဲ ဆေးလိပ်ကိုယ်စီသောက်ရင်း ကြယ်လေးတွေကို ငေးကြည့်နေရတာမျိုး၊ ပင်လယ်လှိုင်းသံတွေကို နားစွင့်နေရတာမျိုး နေကြည့်ဖူးချင်တာ...။
ကိုယ်ဟာ အဖေ့ဆီက အစ်ကိုတွေဆီက ဆေးလိပ်ကလေးတွေကို သူတို့မသိအောင် ယူပြီး တိတ်တဆိတ်ဖွာခဲ့ဖူးတယ်။ ညညလသာရင် ဝရံတာထွက်ပြီး ဂစ်တာလေးကို ရင်ခွင့်ပိုက်လို့၊ လမင်းကြီးဘက် မျက်နှာမူပြီး ဆေးလိပ်ငွေ့တွေကို ဖွာကြည့်ဖူးတယ်။ လမင်းကြီးက သူ့အလင်းရောင်တွေကို ကိုယ့်အတွက်.. ပိုပြီးတောက်ပပေးနေသလားတောင် ထင်ရတယ်။ ဆေးလိပ်ငွေ့တွေ လမင်းကြီးရှိရာအရပ်ကို သရက်ရွက်တွေကြားက တိုးဝှေ့ထွက်ခွာသွားတာကို ကြည့်ကောင်းကောင်းနဲ့လည်း ထိုင်ကြည့်ခဲ့ဖူးတယ်။
အဲသလိုနဲ့… ဆေးလိပ်နံ့ကို … ညညဝရံတာမှာ ခိုးရှုနေမိတဲ့ ကိုယ့်အဖြစ်ကို စည်းကမ်းတင်းကြပ်တဲ့ မိဘတွေက သိသွားခဲ့တယ်။ ဖေဖေနဲ့မေမေရဲ့ စိုးရိမ်တကြီးနဲ့ ပြောဆိုသံတွေ.. ဆူပူမှုတွေရဲ့ အဆုံးမှာ….
“ကတိပေးပါတယ်…၊ နောက်တစ်ခါ ဆေးလိပ်ကို ဘယ်တော့မှ မထိတော့ပါဘူး၊ အသက် ၃၀ ရောက်တဲ့အထိ မထိပါဘူးလို့ ကတိပေးပါတယ်”
ရွဲ့တာလည်းမဟုတ်ဘူး၊ မိဘကိုပြန်ပြောတာလည်း မဟုတ်တဲ့၊ တစ်ကယ်ကို ဆုံးဖြတ်ထားပြီးသားပုံစံနဲ့၊ အေးဆေးတဲ့ ကိုယ့်လေသံအဆုံးမှာ… ဖေဖေနဲ့မေမေရဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ မျက်ဝန်းတွေကို အခုထိ မြင်ယောင်နေမိဆဲပဲ။
ကိုယ့်ဘဝရဲ့ စိတ်အညစ်ရဆုံးအချိန်တွေမှာလည်း ဆေးလိပ်သောက်ဖူးပါတယ်။
ဟုတ်တယ် များသောအားဖြင့် စိတ်ညစ်နေချိန်တွေမှာ သောက်ဖြစ်တယ်။ ဒါပေမယ့် တစွဲတလန်းတော့ မသောက်ဘူး။ စွဲလန်းမိမှာကို သိနေတာမို့လည်း ကိုယ့်ကိုကိုယ် အခွင့်မပေးတာလည်း ပါတယ်။ အခုလို တစ်ယောက်တည်းစိတ်လွတ်လပ်ပေါ့ပါးနေချိန်မှာ သောက်ဖြစ်တာမျိုးကတော့ ရှားမှရှားပေါ့။
အခုလည်း ဆေးလိပ်မီးညှိနေတာ တော်တော်ကြာနေတာ။ လူတွေမြင်မှာ ရှက်သလိုလိုဖြစ်နေမိပေမယ့် ပတ်ဝန်းကျင်မှာ လူခြေတိတ်ဆိတ်ပြီး အားလုံးကလည်း ကိုယ့်အာရုံတွေနဲ့ကိုယ်မို့ ငြိမ်းချမ်းနေတယ်။ အဲသလိုနဲ့ မီးတောက်ဖို့ အခါခါထပ်ကြိုးစားကြည့်တော့မှ မီးစွဲတော့တယ်။
မီးခိုးငွေ့လေးတွေ လွန့်လူးပျံတက်သွားချိန်မှာတော့ ညာဘက်လှေကားထစ်တွေရဲ့အပေါ်ဘက် ဇာတ်စင်မြင့်ရှိတဲ့ နေရာကနေ ခေတ်ဟောင်းတေးတစ်ပုဒ်က လွင့်ပျံလာတယ်။ ဇာတ်စင်ကိုတော့ ကိုယ်ထိုင်နေတဲ့ နေရာကနေ မမြင်ရပါဘူး။ ဇတ်စင်က ရေပန်းတွေနဲ့ ကျောက်လှေကားထစ်တွေရဲ့အမြင့် ဟိုးအပေါ်ဘက်မှာ။ ဒီလိုအချိန်ဆို မြန်မာတူရိယာတွေနဲ့ တီးခတ်တဲ့ မြန်မာ့သီချင်းတွေလွင့်ပျံလာနေကျ အချိန်။ တစ်ခါတစ်လေလည်း ဆင်အကတွေတောင် ရှိလိုက်သေးတယ်။ မြန့်မာရိုးရာကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ နိုင်ငံခြားသားအများစုနေတဲ့ ဒီဟိုတယ်မှာ မြန်မာ့ယဉ်ကျေးမှုအချို့ကို ဝေမျှနိုင်အောင် ကြိုးစားနေကြတာကို ကျေနပ်မိသလိုပါပဲ။
တေးသီချင်းသံတွေကို နားထောင်နေရင်း ဆေးလိပ်လေးကို နှုတ်ခမ်းနဲ့ထိကပ်ထားရင်း… ဒီဆေးလိပ်လေးကို ကုန်သွားမှာစိုးနေမိတယ်။
တစ်ကယ်ဆို ကိုယ့်အဖြစ်က ရယ်စရာတောင် ကောင်းနေသေးတာ။ ဆေးလိပ်သာ သောက်ချင်တာ ဆေးလိပ်က မရှိလို့ ညနေတုန်းက လာလည်တဲ့ သူငယ်ချင်းဆီက တောင်းထားလိုက်တာပဲ။ ‘နင့်ဆေးလိပ်တစ်လိပ်လောက် ငါ့ပေးဟာ’ လို့…။
သူကလည်း တစ်လိပ်ပဲ ပေးခဲ့တယ်။ မျက်လုံတစ်ချက်ပြူးကြည့်ရုံပဲ ဘာတစ်ခွန်းမှတော့ မပြော၊ မမေးပါဘူး။ သူ့ရဲ့မီးခြစ်ကိုပါ အလိုက်တသိပေးထားခဲ့လို့ တော်သေးတယ်။
ရေကန်ထဲက ပြာလဲ့လဲ့ရေတွေ ဆောင်းညလေအဝှေ့မှာ လွန့်လူးနေတာ၊ ကောင်းကင်ကြယ်တွေက ခပ်ဝေးဝေးကလွင့်ပျံလာတဲ့ ညတေးတွေနဲ့အတူ ကခုန်မြူးတူးနေတာကို ငေးရင်း……
ကိုယ်နှစ်သက်ပေမယ့် မစွဲချင်လို့..
စွဲမှာကိုသိနေလို့ ….
အချိန်အတော်များများမှာ သူနဲ့ခပ်ဝေးဝေးမှာပဲနေရတဲ့ …
ဆေးလိပ်ကလေးကို….
နှုတ်ခမ်းမှာ ဖိကပ်ထားရင်း……..
၂၀ နိုဝင်ဘာ ၂၀၁၆
အိမ့်ချမ်းမြေ့

Opmerkingen