မိုးမပါတဲ့ လေ
- အိမ့်ချမ်းမြေ့
- Dec 20, 2018
- 1 min read
Updated: Sep 3, 2020
မုန်တိုင်းဝင်မယ်.... လို့
ပြောကြပေမဲ့ ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ မနက်မိုးလင်းတော့ အိမ်နောက်ဘက် ပန်းသီးပင်မှာ ချိတ်ဆွဲထားတဲ့ wind chime က အသံတွေဆူညံလို့နေတယ်။ နောက်ဘက်တံခါးကိုအဖွင့် လေတွေက တိုးဝင်လာတာ လူတောင် ယိုင်ထွက်သွားတယ်။
ဆောင်းဦးရာသီ လေကြမ်းလေ့ရှိတာမို့ မထူးဆန်းပါဘူးလေဆိုပြီး.. အိမ်ထဲပြန်ဝင် ရုံးအလုပ်တွေ လုပ်နေရင်း မီးက ရုတ်တရက်ပျက်သွားတယ်။ အိမ်မှာဆက်ပြီး အလုပ်လုပ်လို့ မရတာနဲ့ headquarters ကို ကားမောင်းပြီးထွက်လာခဲ့တယ်။ ရုံးရောက်တော့ မြို့တွေတန်းစီပြီး မီးပျက်လို့ အခြားငှာနခွဲတွေလည်း လျှပ်စစ်မရှိ တစ်နေကုန် အဆင်မပြေကြဘူး။
ကိုယ်တို့အိမ်ကတော့ နာရီအနည်းငယ်ပဲ မီးမရပေမဲ့ အခြားအိမ်တွေ ၂၄နာရီတိတိ မီးမလာဘူး။ လေကလည်း ပြင်းထန်တာ.... ကြောက်စရာတောင်ကောင်းတယ်။
ရုံးဆင်းတော့ ရုံးနားက ပန်းခြံလေးတစ်ခုထဲ ခဏသွားထိုင်ဖြစ်သေးတယ်။
လေမုန်တိုင်းကို ဓာတ်ပုံသွားရိုက်တာ....
အရွက်မဲ့ အရိုးပြိုင်းပြိုင်းသစ်ပင်တွေထဲမှာ ငှက်သိုက်လေးတွေကတော့ လေပြင်းဒဏ်ကို အံတုထားနိုင်တာ....
ငှက်ကလေးတွေ တော်လိုက်တာ.........
ပန်းခြံကနေ အိမ်ကိုပြန်လာတော့ ကိုယ်ရွေးတဲ့လမ်းကြောင့်ပဲလား ကားလမ်းတွေက သိပ်မကြပ်ဘူး။ ညီမလေးရယ် ရုံးကသူငယ်ချင်းတွေကတော့ အဲဒီနေ့က ကားတွေကြားမှာ၂နာရီလောက် ပိတ်နေခဲ့ကြတယ်လို့ နောက်တော့ သိလိုက်ရတယ်။
အိမ်လမ်းထဲဝင်လာတော့ အိမ်တော်တော်များများက ပိန်းပိတ်အောင်မှောင်ပြီး လေတိုက်သံတွေက လေချွန်သံလိုပဲ...။ လေချွန်နတ်မင်းအယောက် သုံးသောင်းလောက်စုပြီး လေချွန်သီချင်းဆိုနေသလားတောင် ထင်ရတယ်ရယ်...။
ကားကိုတစ်နေရာမှာရပ် ပြတင်းပေါက်ကိုချပြီး လေတိုက်သံကို နားထောင်လိုက်မိသေးတယ်။ အိမ်ကြီးတွေကလည်း အမှောင်ထဲ မှာ ထီးထီးကြီးဆိုတော့တော့ စိတ္တဇရုပ်ရှင်တွေထဲ ရောက်နေသလိုပဲ...
စိတ်ထဲက ပျော်လည်းပျော်သလို....
တစ်မျိုးလေး ခံစားလိုက်ရသေးတယ်။
လေတိုက်သံတွေက
ဝုန်း
ရွှီးးးးးး
ထိန်းးး
ဆန်းကျယ်လိုက်တာများဆို ဘာရယ်ကြောင့်မသိ ကြည်နူးလိုက်မိသေးတာ....။
နွေရာသီဆို ညနေတိုင်းလိုလို ရောက်ဖြစ်တဲ့ White Rock သောင်ပြင်က တံတားလည်း လေပြင်းရယ်၊ ပင်လယ်လှိုင်းတွေရယ်၊ တံတားနားမှာ ရပ်ထားတဲ့ မော်တော်ဘုတ်လေးတွေ လွင့်ပြီး ရိုက်ခတ်မှုရယ်ကြောင့် တံတားအလယ်က ကျိုးပြီး ရေထဲမျောသွားတယ်လို့ သိရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျိုးပဲ့ကြေသွားတဲ့ အရာတွေဟာ ပြန်တည်ဆောက်လို့ ရပါတယ်...
တည်ဆောက်ချင်တဲ့ စိတ်ဆန္ဒအပေါ်မှာ မူတည်ပြီးတော့ပေါ့..........။

Comments