Air India
- အိမ့်ချမ်းမြေ့
- Aug 3, 2022
- 1 min read
ဇွန်လ ၂၃ရက်၊ ၁၉၈၅။ ကနေဒါရဲ့ နွေဦးရာသီကာလတစ်ခု။ Toronto–London–Delhi–Mumbai ခရီးစဥ်လေယာဥ်ဟာ ကနေဒါမှ အထွက် အိုင်ယာလန်အလွန် ပင်လယ်ပြင်ထဲမှာ ပျက်ကျသွားခဲ့တယ်။ လေယာဥ်ပေါ်မှာပါလာတဲ့ ဗုံးကြောင့် လူပေါင်း ၃၂၉ယောက် သေဆုံးသွားခဲ့ကြတာပါ။ အများစုက ကနေဒီယန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြတဲ့ အိန္ဒိယလူမျိုးတွေဖြစ်တယ်။ အချို့က နွေရာသီကျောင်းပိတ်လို့ သူတို့ဆွေမျိုးတွေရှိရာ လန်ဒန်(အင်္ဂလန်) နဲ့ မွန်ဘိုင်း (အိန္ဒိယ) ကို အလယ်သွားကြတာ။
တစ်ရက်ထဲမှာပဲ တိုကျိူ နာရီတာလေဆိပ်မှာလည်း ဗုံးပေါက်ခဲ့တယ်။ ပစ္စည်းသယ်တဲ့၀န်ထမ်း ၂ဦး သေဆုံးသွားခဲ့တယ်။
အဲဒီအဖြစ်တွေဟာ 1983 ခုနှစ်တုန်းက ဆစ်ခ်ဘာသာ၀င်တို့ရဲ့ အထွတ်အမြတ် ရွှေဘုရားကျောင်းကို ခွဲထွက်ရေးသမားတွေက ၀င်ရောက်စီးနင်းတာနဲ့ ပတ်သက်နေခဲ့တာပါ။ ပန်ဂျပ်အရပ်ကိုခွဲပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဘင်ဒရာ၀ဲလ်ခေါင်းဆောင်တဲ့ ခွဲထွက်ရေးသမားတွေက ရွှေကျောင်းကို ၀င်စီးခဲ့တယ်။ 1984 မှာတော့ အင်ဒရာဂန္ဒီအစိုးရက ရွှေကျောင်းကို ခွဲထွက်ရေးသမားတွေလက်က ပြန်သိမ်းခဲ့တယ်။ အဲဒီ အော်ပရေးရှင်းမှာ ဘင်ဒရာ၀ဲလ်အပါအ၀င် လူတွေအများကြီး သေဆုံးခဲ့တယ်။
ကနေဒါနိုင်ငံက အိန္ဒိယလူမျိုးတွေထဲက ခွဲထွက်ရေးကို လိုလားသူတွေကလည်း ဒီကိစ္စကို မကျေနပ်လို့ ကနေဒါနိုင်ငံတစ်၀ှမ်းမှာ ဆန္ဒပြခဲ့ကြတယ်။ ကိုယ်တို့မြို့က အထင်ကရ ရှေ့နေတစ်ယောက် ကို တောင်မှ ခွဲထွက်ရေးကို သဘောမတူရကောင်းလားဆိုပြီး မဆီမဆိုင် ချောင်းရိုက်ခဲ့တယ်။
လိုရင်းပြောရရင် ခွဲထွက်ရေးကိုလိုလားတဲ့ အစွန်းရောက်တွေက ဘာမှမဆိုင်တဲ့ ခရီးသယ်တင်လေယာဥ်ကို ၁၉၈၅ မှာ ဗုံးခွဲခဲ့တယ်။ warships သာမက ငါးဖမ်းလှေတွေကအဆုံး အိုင်ယာလန်အလွန် ပင်လယ်ပြင်မှာ ကယ်ဆယ်ရေးဆင်းခဲ့တာ 329 ယောက်မှာ 132 ယောက်ရဲ့ အလောင်းတွေကိုပဲ ရခဲ့တယ်။ ကနေဒါအစိုးရကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်း၊ ဖမ်းဆီး၊ တရားရုံးစစ်ဆေး စသည်လုပ်တာ ၁၅ နှစ်တောင် ကြာခဲ့တယ်။
ဗုံးခွဲလေ့ကျင့်တာ ကိုယ်တို့ပြည်နယ်ရဲ့ ကျွန်းတွေပေါ်မှာ လေ့ကျင့်ခဲ့ကြတယ်လို့ သိရတယ်။ နာရီတာလေဆိပ်မှာ လေယာဥ်ပေါ် မရောက်ခင် ပေါက်သွားတာကတော့ day light saving (နွေနဲ့ဆောင်းမှာ နာရီပြောင်းတာ) ကို မေ့သွားပြီး အချိန်မှား တိုက်လို့ ဗုံးက စောစောပေါက်သွားပြီး ခရီးသယ်တွေကံကောင်းသွားတယ် ဆိုရမယ်။ ပစ္စည်းသယ်၀န်ထမ်းနှစ်ယောက်ကတော့ ကံဆိုးသွားရှာတယ်။
ဒီကြားထဲမှာ ဗုံးခွဲတယ်လို့ စွပ်စွဲခံရသူတွေ အများကြီးကို ကနေဒါအစိုးရက ဖမ်းဆီစစ်ဆေးတာတွေလုပ်တယ်။ အချို့ကိုလည်း အပြစ်မရှိဘူးဆိုပြီး လွှတ်လိုက်တယ်။ အချို့ကလည်း လန်ဒန်ထွက်ပြေးသွားသူ၊ လန်ဒန်ကနေ ဖမ်းပြီး ကနေဒါပြန်ပို့၊ ကနေဒါက ပြန်ဖမ်း၊ ပြစ်ဒဏ်ပေး၊ အချို့ကလည်း အိန္ဒိယပြန်ပြီး UG ဆက်လုပ်၊ တောထဲမှာ လုပ်ကြံခံရ စတဲ့ဇာတ်လမ်းတွေအများကြီး ဖြစ်တဲ့အထဲမှာ (အကုန်လုံး မရေးနိုင်လို့ပါ) လိုရင်းပြောရရင် အကြမ်းဖက်သမားတွေလို့ စွပ်စွဲခံရတဲ့အထဲက မာလိခ်ဆင်း တစ်ယောက်က တရားသေလွတ်သွားတယ်။
အဲဒီလွတ်သွားတဲ့ မာလိခ်ဆင်း တစ်ယောက်က ကိုယ်တို့ပြည်နယ်မှာ အေးချမ်းစွာ နေထိုင်ရင်း၊ စီးပွားလုပ်ကိုင်စားသောက်ရင်း အထည်ဆိုင်ကြီးတွေဖွင့်ပြီး သား၊ သမီး၊ မြေးမြစ်တွေနဲ့ ပျော်ရွှင်စွာ နေလာလိုက်တာ အသက် ၇၀ ကျော်လာတယ်ပေ့ါ။
အဲဒါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ဆိုင်ရှေ့မှာ ရပ်နေတုန်း သေနတ်သမားနှစ်ယောက်က ကားဖြတ်မောင်းရင်း ပစ်သွားခဲ့တယ်။ ပစ်သွားတဲ့ သေနတ်သမားတွေက မောင်းလာတဲ့ကားကို တစ်နေရာမှာ မီးလျှို့ပြီး အစဖျောက်၊ နောက်တစ်စင်းပေါ်ကို မောင်းတက်သွားတာပေါ့။
မာလိခ်ဆင်း သေဆုံးသွားတာကို သူ့ရဲ့ သားသမီးတွေက ယူကြုံးမရဘူးပေါ့။ ကနေဒါအစိုးရက တောင် သူလုပ်ပါတယ်လို့ အခိုင်မာ မပြနိုင်လို့ လွှတ်ပေးလိုက်တာ နှစ်ပေါင်း ၃ရ နှစ်ကြာတဲ့အထိ အခဲမကြေဘဲ သူတို့အဖေ အဘိုးကို ခုလို လုပ်ကြံရလားလို့ ဆိုတဲ့အချိန်….
အချို့တွေကလည်း အစိုးရက တမင် ဟ ပေးလိုက်တာ သူတို့အချင်းချင်း ပြန်လုပ်ကြံဖို့ စသည်.. ဖိုရပ်တွေမှာလည်း အမျိုးမျိုး ရေးကြတာပေါ့….
အဲသလို စုံပလုံစိ ပြောြက ၀ေဖန်ကြတဲ့အထဲမှာ
ကနေဒါ ပုလိပ် တစ်ယောက်က အင်တာဗြူးတစ်ခုမှာ ပြောလိုက်တာကတော့ ကိုယ့်ကို မှင်သက်သွားစေခဲ့တယ်… နှုတ်ကခုလို ဖွင့်ပြောတာကို အံ့သြသွားခဲ့တာ…
သူပြောလိုက်တာကတော့.....
မာလိခ်ဆင်းကို ပြန်လက်စားချေဖို့ နှစ်ပေါင်း လေးဆယ်နီးပါး ကြာနေကြတာကိုပဲ ကျနော်က အံ့သြနေတာ….. တဲ့,,,,လေ…
コメント