ရောက်တတ်ရာရာ ကိုယ့်အမည်များ
- အိမ့်ချမ်းမြေ့
- Aug 16, 2024
- 1 min read
ကိုယ်တို့လမ်းထိပ်မှာ ကြက် သားကြော်ဆိုင်ရှိတယ်။ လမ်းထိပ်က ဆိုင်တွေထဲမှာ
ကိုယ် မသွား ချင်ဆုံး ဆိုင်နှစ်ဆိုင်ရှိတာ
အဲဒီ ကြက်သားကြော်ဆိုင် နဲ့ Nesters ဆိုတဲ့ ကုန်စုံဆိုင်ပဲ။
Nesters က quality ရောင်းတဲ့ဆိုင်ဖြစ်လို့ ရပ်ကွက်တိုင်းမှာ မရှိသည့်အပြင် စျေးလည်း ကြီးတယ်။ ဘယ်လိုပဲ quality ဆိုင်လို့ ဆိုသော်လည်း ကိုယ် မကြိုက်ရခြင်း အကြောင်းကတော့ အဲဒီ နှစ်ဆိုင်လုံးဟာ ဝင်သွားပြီးရင် ညှော်နံ့တွေ ပါလာလို့ပဲ။
ရေမိုးချိုး သေချာဖီးလိမ်း၊ ညနေပိုင်း လမ်းလျှောက်ရင်းဖြစ်ဖြစ် လမ်းကြုံလို့ ဘာလေးညာလေးဝင်မဝယ်မိလိုက်နဲ့ ဆံပင်တွေထဲကော အဝတ်စားတွေထဲပါ အနံ့တွေ ပါလာပြီပဲ။
ကိုယ်က ခေါင်းလျှော်ထားပြီးစ ဆံပင်ထဲ အနံ့ တစ်ခုခု ဝင်သွားရင် ဘယ်လိုအလာဂျီ ရှိမှန်းကို
မသိတာပါ။ သူ့ဟာသူ နောက်ရက်မှာ အမွှေးနံ့ မရှိတော့တာက ကိစ္စမရှိ။ လျှော်ပြီးစမှာ
အနံ့တစ်ခုခုဝင်သွားရင် ဘယ်လိုမှ မရတော့ဘူး။
ကြက်ကြော်ဆိုင်က အနံ့ပါလာတာ ထား။ နားလည်ပေးနိုင်သေးတယ်။ Nesters က အနံ့ပါလာတာကတော့ များသွားပြီလို့ ကိုယ်ထင်တယ်။ Nesters ရဲ့ အဝင်ပေါက်ဘေးမှာ မုန့်ဖိုကြီးရှိတော့ မုန့်ဖိုဘေးက ဖြတ်လျှောက်ပြီးရင်ကို အနံ့က စွဲ ပြီ။ ကိုယ့်စိတ်ထဲ သူတို့ vent တွေ
ပြင်သင့်တယ်လို့ ထင်မိသေးတာရယ်။
ပြောချင်တာက အဲဒီ ၂ဆိုင် နံတာကို မဟုတ်။
ကြက် ကြော်ဆိုင်မှာ တစ်ခုခုမှာ ပြီးရင်
အမည်ပေးထားခဲ့ရတယ် မဟုတ်လား။
ကိုယ့်မှာကလည်း မြန်မာအမည်နဲ့ ပြင်သစ်အမည်ပဲ ရှိတယ်။
နှစ်ခုလုံးကလည်း ခက်တယ်။ ပေါင်းပြရတာကိုကခက်တာ။ ရာဂျင်ဒရာ တို့ အမီနာ တို့ ရှဗီနာ.. အာနာမာရီယာ ဂျီရိုဗာနီဟာ တို့လို
အမည်အရှည်ကြီး တွေ လွယ်ကူနေချိန်
ကိုယ့် မြန်မာအမည် သို့မဟုတ် ပြင်သစ်အမည်ကို ပေါင်းပြနေရတာနဲ့တင်
ရှေ့မဆက်နိုင်တော့
ဖြတ်ထိုးဥာဏ် သုံးရတော့တာပေါ့...
အော်ဒါမှာသူ အမည်က....(Your name?)
လို့ သူတို့ကမေးရင်...
သဲလ်မာ ( Thelma)
ထရီစာ (Theresa)
တီနာ (Tina)
အဲလိုတွေ ပြောပေးလိုက်တယ်...
ပထမပိုင်းတော့ အဆင်ပြေနေတာ..
ကြက် ကြော်ဆိုင် စဖွင့်ခါစ ကာလတွေပေါ့..
ကြာလာတော့ ဆိုင်ထဲကလူတွေနဲ့က မျက်မှန်းတန်းမိလာရော...
ကိုယ်က
တစ်ခါသွားရင် Thelma...
နောက်တစ်ခါ ထရီဇာ..
နောက်တစ်ခေါက်မှာ တီနာ ...
ဒါတင်မက
ထရေစီ...
Tessa...
တေလာ...
တာလီယာ
အဲသလို...
ကြုံတဲ့အမည်တွေ စိတ်ထဲရှိရာ ပြောပြီး တစ်ခါတလေ
ကိုယ် ဘာအမည်ပြောခဲ့လဲ မမှတ်မိ
အော်ဒါစောင့်ရင်း
ထောင့်နားကခုံလေးမှာထိုင်
ကိုယ့်အတွေးနဲ့ကိုယ် နေနေတုန်း..
Order ready for Tessa... ဆိုပြီး ကောင်တာကနေ အော်နေတာကို မသိတော့ဘူးပေါ့ ..
ဘာအမည်ပြောခဲ့မှန်း မသိတော့ဘူးကိုး...

မျက်မှန်းတန်းမိနေသူ ဝန်ထမ်းတွေထဲက
အချို့ကလည်း
သိနေတယ်နော်..
တစ်ခါလာ အမည်တစ်မျိုးပြောတော့မယ်
ဆိုတဲ့ ပုံနဲ့ မျက်လုံးလှန်ကြည့်တဲ့အခါ
ကိုယ့်မှာ
ပြုံးချင်တာကို အောင့်ထားရတယ်...
ဒီနေ့ကတော့ Your name? လို့ ထုံးစံအတိုင်းမေးတာ.. မာယာ လို့ ပေးခဲ့လိုက်တယ်..
မာယာဆိုတာကို မကြိုက်ပေမယ့်
လွယ်ကူ မလားလို့ရယ်..
ဘာအမည်ကိုမှ သိပ်ကြိုက်လှတယ်မဟုတ်ဆိုတော့
နောက်အခါတွေလည်း
အဲဒီ ကြက်ကြော်ဆိုင်သွားလို့
ကိုယ့်အမည်မေးရင် စိတ်ထဲရှိရာ အမည်မျိုးစုံ
ထွက်နေမိဦးမှာပဲရယ်...
Comments