top of page

မီးမလာတဲ့နေ့

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Jun 12, 2023
  • 1 min read

ကိုယ်နေသောနေရပ် (ကနေဒါ)မယ် မီးတစ်ခါမှ မီးမလာတဲ့နေ့ ရှိလိမ့်မယ် မဟုတ်ဘူးလို့ လူအချို့က ထင်တတ်ကြတယ်။ ကိုယ်ငယ်စဥ်ကလည်း အနောက်ဘက်တိုင်းပြည်တွေမှာ မီးတစ်ခါမှ ပျက်လိမ့်မယ် မဟုတ်ဘူးလို့ ထင်ခဲ့ဖူးတာပေါ့... တစ်ကယ်ကတော့ ဒီဘက်တွေမှာလည်း မီးပျက်တဲ့ အခါတွေ ရှိတယ်...

ဟိုမှာလောက်တော့ ခဏခဏပျက်တာမျိုးတော့ မဟုတ် ပေမယ့် ဒီမှာလည်း မီးပျက်တယ်... မနှစ်ကဆိုရင် ကိုယ်တို့ပြည်နယ်မှာ အကြိမ်ပေါင်း ၆၁၀၀၀ (ခြောက်သောင်းတစ်ထောင်) မီးပျက်တယ်ဆိုတယ်..

မီးပျက်ရတဲ့ အကြောင်းရင်းများစွာထဲမှာ ၀က်၀ံက ဘယ်ရီသီးကိုခုန်စားလို့ ဘယ်ရီပင်က လျှပ်စစ်လိုင်းပေါ်ကျိုးကျလို့ မီးပျက်ရတာ၊ အသက် ၈၀ကျော်အဘွားတစ်ယောက်က သူ့မွေးနေ့မှာ ပူပေါင်းလွှတ်ပွဲလုပ်တာမှာ ပူပေါင်းတွေက ၀ါယာတွေပေါ်သွားညိလို့ အိမ်ခြေ ၁၂၀၀ကျော် မီးပျက်သွားတာ၊ ၀ါယာပုံးတွေထဲ နဂျယ်အုံစွဲလို့၊ ပျားအုံစွဲလို့၊ ရှဥ့်က ၀ါယာကိုစားလို့၊ မီတာဘောက်ကို သူခိုးခိုးသွားလို့ (ဒီမှာလည်း တစ်ကယ်ကို မီတာပုံးသူခိုးတွေ ရှိတယ် - ကိုယ်လည်း ကြားခါစက အံ့သြလို့ရယ်) အဲသလို အကြောင်းမျိုးစုံကြောင့် မီးပျက်တာတွေ ရှိတယ်... ငယ်စဥ်အရွယ် ကလေးဘ၀တုန်းက မီးပျက်ပြီဆို လူကြီးတွေက စိတ်ညစ်သလောက် ကိုယ်တို့ကလေးတွေကတော့ ပျော်သလား မမေးနဲ့...

စာကျက်စရာမလို၊ တူတူပုန်းတမ်းကစား၊ နောက်ဘက်မှာထိုင် ကြယ်တွေ လ တွေ ငေးကြ... အို လုပ်စရာတွေမှ တစ်ပုံတစ်ပင်ကြီးပေါ့.... မီးလာပြီဆိုပြန်ရင်လည်း..... ဟေးးးးးးးး မီးလာပြီဟေ့ လို့ ခံစားချက်အပြည့်နဲ့ အော်ရတာကိုက မိုက်နေတာကိုး....

ဒီဘက်မှာ အနေကြာပြီး ရန်ကုန်ပြန်ရောက်ကာစ မီးပျက်တဲ့ နေ့တွေနဲ့ ကြုံရရင် စိတ်မညစ်ဘဲ ကဗျာဆန်ဆန်ခံစားရတာမျိုး... ရန်ကုန်ညတွေဟာလည်း ပိုလှနေတာမျိုးပေါ့.... အဲသလို ကဗျာဆန်ဆန်ခံစားရတာကလည်း ခဏပါပဲ...

တစ်ပတ်လောက်အနည်ထိုင်လို့ ခဏခဏ မီးပျက်တာနဲ့ ကြုံလာတဲ့အခါမှာတော့ ကဗျာဆန်တဲ့ ခံစားချက်တွေလည်း ကြက်ပျောက်ငှက်ပျောက် ပေါ့......


တစ်ခါကတော့ ကိုယ်တို့ မနက်အစောကြီးကတည်းက ကွန်ဒိုကနေထွက်သွားလိုက်တာ ညနေသုံးနာရီလောက်မှ အိမ်ပြန်ရောက်လာတယ်။ မီးက အိမ်ကမထွက်ခင် မနက်ကတည်းက မလာဘူး.. ကိုယ်တွေလည်း ဒီအတိုင်း တံခါးကိုသော့ပိတ်ပြီး ထွက်သွားလိုက်တာ

အိမ်ပြန်အရောက် တံခါးအဖွင့်..

မီးက ဘယ်တုန်းကတည်းက ပြန်လာနေမှန်းမသိ...

တစ်အိမ်လုံး ထိန်ထိန်လင်း..

အဲကွန်းတွေလည်း အကုန်အွန်... ရေတင်စက်ကလည်း အွန်၊

ရေချိုးခန်းထဲလည်း ရေတွေ တ၀ေါ၀ေါကျနေ. အပြင်ထိ လျှံထွက်လာနေပြီ

ရေချိုးခန်းထဲက ရေက ရေချိုးခန်းဘောင်ကိုကျော်ပြီးကို စတင် ဆင်းလာနေပြီ.... စက္ကန့်ပိုင်းလေးသာ နောက်ကျပြီး ကိုယ်တွေ အိမ်ပြန်ရောက်လာရင် .. မတွေး၀ံ့စရာ..

ဖြစ်ချင်တော့ လက်ပ်တော့တွေရယ်.. အခြားလျှပ်စစ်ပစ္စည်းတွေအပြင်... တိုလီမုတ်စ ရှိသမျှကို

ဒီတိုင်းကြမ်းပေါ်မှာ ထားထားခဲ့တာဆိုတော့....

ရှိသမျှ လက်ပ်တော့ လေးလုံး အကုန်လုံး ရေမြုပ်ကုန်နိုင်တာ....


ဘေးခန်းမှာနေတဲ့ အစ်မက သိသွားတော့ အဲသလို လုပ်လို့မရဘူး.. နောက်တစ်ခါ အပြင်လျှောက်လည်ကြမယ်ဆိုရင်

မိန်းခလုပ်တွေကို အကုန်ချခဲ့ပြီးမှသွား၊ မဟုတ်ရင် အကုန် ဒုက္ခရောက်ကုန်လိမ့်မယ်လို့ သေသေချာချာ လာမှာသွားရှာလေတယ်။


တစ်နေ့ကျတော့ အဲသလိုပဲ မြို့ထဲက ညနေ ၆ နာရီလောက်ကပြန်အရောက်.. တစ်အိမ်လုံး မီးတွေမှောင်နေတာပေါ့..

မီးပျက်တယ်လေဆိုပြီး ရှိတဲ့ portable မီးလေးတွေထွန်း.. ညစာစား... စကားစမြည်ပြော... ၀ရံတာထွက်.. ရန်ကုန်ညရဲ့အလှကို ၀ရံတာကငေး... မိသားစုအနှစ်သာရကို ကိုယ်ကတော့ သဘောကျနေတာပေါ့..

ဒါပေမယ့် မီးက ကျန်တဲ့အခန်းအချို့မှာ လာနေတာတော့ သတိထားမိတယ်... ကိုယ်တို့လည်း ထွေထွေထူးထူး မစဥ်းစားမိ တစ်နေကုန်လည်း ပင်ပန်းလာကြတာနဲ့ အိပ်လိုက်ကြတာပေါ့....

အဲကွန်းမရှိလည်း ပြတင်းပေါက်က ဖြတ်တိုက်လာတဲ့ မနွေး မအေး ရန်ကုန်ရဲ့ ညလေ လေးက သက်သက်သာသာတော့ ရှိစေပါတယ်...


ဒီလိုနဲ့ မီးက တစ်ညနေလုံး မလာ၊ တစ်ညလုံးလည်း မလာ၊ မိုးလင်းတဲ့ထိ မလာ.. မနက်ကိုးနာရီလည်း မလာ၊ ဆယ်နာရီလည်း မလာ။

ကိုယ်တွေလည်း ဘာလုပ်ရမှန်းမသိ.. နေ့လည်တော့ အပြင်တစ်ခုခုသွားစားမှပဲလို့ စဥ်းစားနေတုန်း

နေ့လည် ၁၁ နာရီလောက်ကျတော့ ဘေးခန်းက အမက ဒီမိသားစု ငြိမ်လှချည်လားဆိုပြီး သူ့အိမ်က ကလေးမလေးကို ကိုယ်တွေအတွက် စားစရာတွေ ပို့ခိုင်းရင်း လာကြည့်ခိုင်းတာမှာ....

အဲဲဒီတော့မှ အကြောင်းစုံသိရတာ.....


ကိုယ်တွေအပြင်သွားနေတုန်း မိန်းခလုပ်ကို ချနေကျ မဟုတ်တော့ ထုံးစံအတိုင်း ဒီတိုင်းထားထားခဲ့မိလို့ အစ်မက မိန်းခလုပ်ကို သူကိုယ်တိုင် လာချပေးသွားတာတဲ့လေ... ကိုယ်တွေကလည်း မိန်းခလုပ်ဆိုတာနဲ့ အကျွမ်းတ၀င်မရှိတော့ ပိတ်ထားမှန်းမသိ၊ ပြန်ဖွင့်ရကောင်းမှန်းလည်း မသိဘဲ... ဒီတိုင်းအမှောင်ထဲ တစ်ညနေခင်းလုံး၊ တစ်ညလုံး.. မနက်ခင်းတစ်ခုလုံး နေနေခဲ့ကြတာ.....

ကလေးလေးတွေမှာလည်း ပူလွန်းလို့ ရေစိုနေတဲ့ ကြွက်စုပ်ကလေးနှစ်ကောင် ချောင်ကပ်နေသလိုပဲ..

ကုပ်ပြီးငြိမ်နေခဲ့ကြလေတာ..




 
 
 

Recent Posts

See All

Comentarios


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page