top of page

ကွဲအက်ခြင်းရဲ့ အလှတရား

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Apr 22, 2015
  • 2 min read

ဟိုတစ်နေ့က မီးလင်းဖိုအပေါ်ကတန်းကလေးကို ကျမ ဖုန်သုတ်နေရင်းနဲ့ တန်းပေါ်မှာ အလှတင်ထားတဲ့ sake အိုးလေးကို လက်နဲ့တိုက်မိပြီး sake အိုးလေး ကျကွဲသွားခဲ့တယ်။ အဲဒီ အိုးလေးက ကျမ ဂျပန်သွားတုန်းက အမှတ်တယ ဝယ်လာခဲ့တာ။ ကျမက အဲဒီ sake အိုးအနက်လေးကို သိပ်ချစ်တာ။ အနက်ရောင်ပေါ်မှာ ရွှေရောင်ပန်းခက်လေးတွေနဲ့ သိပ်အနုပညာဆန်တဲ့ sake အိုးလေးဟာ အရက် မသောက်တတ်တဲ့ ကျမအတွက်တော့ အိမ်ရှေ့က မီးလင်းဖိုအပေါ်က တန်းဖြူဖြူလေးပေါ်မှာ အလှပြပစ္စည်းလေးပေါ့။


အခုတော့….. မထင်မှတ်ဘဲ မီးလင်းဖိုရှေ့က ကျောက်ပြားပေါ်ကို ပြုတ်ကျလို့ ကွဲအက်သွားခဲ့ရပြီ။

ဟိုးရှေးရှေးတုန်းက… Ashikaga Yoshimasa ဆိုတဲ့ ရှိုးဂန်းတစ်ဦးက သူနှစ်သက်လွန်းတဲ့ ကြွေပန်းကန်တစ်ချပ်ကို တရုတ်ပြည်ကနေ ဝယ်လာခဲ့တယ်။ သူဝယ်လာတဲ့ ကြွေပန်းကန်လေးဟာ တစ်နေ့မှာ ကျကွဲသွားခဲ့တယ်။ သူဟာ ကွဲအက်သွားတဲ့ ကြွေပန်းကန်ကို မပစ်ရက်လို့ တရုတ်ပြည်အထိပြန်ပို့ပြီး ပညာရှင်တွေကို ပြန်ဆက်ခိုင်းခဲ့တယ်။ တရုတ်ပြည်က ကြွေပညာရှင်တွေက ပန်းကန်ကိုပြန်ဆက်ပြီး ရှိုဂန်းကြီးဆီ ပြန်ပို့လိုက်တယ်။ ပြန်ရောက်လာတဲ့ ကြွေပန်းကန်ကိုကြည့်လိုက်တော့ အကျည်းတန်တဲ့နန်းကြိုးတွေနဲ့ ပြန်ဆက်ထားတာ တွေ့လိုက်ရတယ်။ အဲဒီအတွက် ရှိုးဂန်းကြီးက တော်တော်လေး စိတ်မကျေမနပ်ဖြစ်ခဲ့ရတယ်တဲ့။ အဲဒီအဖြစ်ကိုသိလိုက်ရတဲ့အခါ.. ဂျပန်ပြည်က အိုးခွက်ပညာရှင်တွေဟာ အက်ကွဲသွားတဲ့ ကြွေပန်းကန်တွေကို လှပစွာ ပြန်ဆက်နိုင်တဲ့ အနုပညာ/ အတတ်ပညာတစ်ခုကို ရှာဖွေခဲ့ကြတယ်။


အဲဒီမှာ ဂျပန်လူမျိုးတွေရဲ့ Kintsugi လို့ခေါ်တဲ့ အိုးခွက်အနုပညာတစ်ခုဟာ ပေါ်ပေါက်လာခဲ့ရတယ်…။


♫ ♥●••·˙˙·••●♥♫


လူ့ဘဝဆိုတာ အောင်မြင်ခြင်း၊ ကျဆုံးခြင်း၊ ပျော်ရွှင်ခြင်း၊ ကြေကွဲခြင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ အရာတစ်ခု။ ဘဝတွေမှာ မအောင်မြင်ဘူးသူ၊ မကျဆုံးဘူးသူ၊ မပျော်ရွှင်ဘူးသူ၊ မကြေကွဲဘူးသူဆိုတာ မရှိပါဘူး။ တကမ္ဘာလုံးသိအောင် ကြွေးကြော်လိုက်ချင်တဲ့ ပျော်ရွှင်မှု၊ အောင်မြင်မှုမျိုးတွေနဲ့ ကြုံဆုံကြရသလို၊ လူမသိသူမသိ တိတ်တဆိတ် ကြေမွခဲ့ရတဲ့ နေ့ရက်တွေနဲ့လည်း ကြုံဆုံကြရမှာပါပဲ။


လူအများစုက အောင်မြင်မှု ပျော်ရွှင်မှု စတဲ့ အပေါင်းလက္ခဏာသဘောသဘာဝတွေကို အခြားသူတွေနဲ့မျှဝေလိုကြပေမယ့် ဆုံးရှုံးကြေကွဲကြရခြင်းတွေကိုတော့ မျှဝေလိုတဲ့ ဆန္ဒမရှိတတ်ကြဘူးလို့ ကျမ ထင်တယ်။ ကိုယ့်အပူတွေကို မပြချင်တာ၊ သူများကို စိတ်ညစ်ညူးမသွားစေချင်တာ၊ ကျရှုံးမှုတွေကို ရှက်ကြတာ စတဲ့အကြောင်းမျိုးစုံကြောင့် တစ်ယောက်တည်း ကြိတ်ခံစား ဒါမှမဟုတ် အဲဒီအရာတွေကို လစ်လျှူရှု မေ့ပစ်ဖို့ ကြိုးစားတတ်ကြတာလား။


ကွဲအက်သွားတဲ့ ကြွေပန်းကန်တစ်ချပ်ကို လူတွေ ဘာလုပ်ပစ်တတ်ကြသလဲ။ အများစုကတော့ ပစ်လိုက်မှာပါပဲ။ စိတ်ထဲမှာ နှမျောတသဖြစ်ကောင်းဖြစ်ပေမယ့် သုံးမရတော့တဲ့အတူတူ ပစ်လိုက်ကြတတ်တာ။


အဲသလိုပဲ.. ဘဝရဲ့ အက်ကွဲကြောင်းတွေကို လျစ်လျူရှု ဒါမှမဟုတ် ဖုံးကွယ်ထားတတ်ကြတာလား။


တစ်ကယ်လို့ အက်ကွဲကြောင်းတွေကို ကြိုးစားလို့ ပြန်ဆက်လိုက်တယ်ဆိုရင်တောင်မှ အရင်လို မဟုတ်တော့ဘူး၊ အကြောင်းရာကြီးဖြစ်ခဲ့ရပြီ၊ အဆက်ရာကြီးဖြစ်ခဲ့ရပြီ ဆိုတဲ့ အယူအဆတွေကြားထဲ လုံးပမ်းနေတတ်ကြရင်း အက်ကွဲကြောင်းနဲ့ ပန်းကန်လုံးကို အရင်လို မမြတ်နိုးနိုင်ကြတော့တာလည်း ရှိမှာ။


ဂျပန်လူမျိုးတွေရဲ့ Kintsugi လို့ခေါ်တဲ့ အိုးခွက်အနုပညာတစ်ခုဟာ ကွဲအက်သွားတဲ့ ကြွေပန်းကန်တွေကို မပစ်လိုက်ဘဲနဲ့ ငွေမှုန်၊ ရွှေမှုန်၊ ပလက်တီနမ်မှုန် ဒါမှမဟုတ် ယွန်းမှုန်လေးတွေနဲ့ ပြန်ဆက်ထားတဲ့ အနုပညာ။


ကွဲအက်ကြောင်းလေးတွေနေရာမှာ ရွှေ၊ ငွေ၊ ပလက်တီနမ်၊ ယွန်း စတဲ့ ဆက်ကြောင်းလေးတွေနဲ့ ပန်းကန်လေးက ပိုလှလာတတ်တာ။


အဲဒီပန်းကန်လေးရဲ့ ဖြတ်သန်းမှု၊ အတိတ်၊ ကွဲကြေသွားရမှုတွေကို ဖုံးကွယ်မထားဘဲနဲ့ ကြေမွအက်ကွဲဖြတ်သန်းမှုတစ်ခုကို ပိုမိုပီပြင်စွာနဲ့ မြင်သာထင်ရှားစေအောင် ဖန်တီးထားတဲ့ Kintsugi ။


Kintsugi အနုပညာနဲ့ ဆက်နွယ်နေတဲ့ ဒဿ နအမြင်ဆိုင်ရာ အကြောင်းနှစ်ချက်လည်း ရှိသေးတယ်။


ပထမတစ်ခုကတော့…. ကွဲအက်သွားလို့ သုံးမရတော့တဲ့ အရာတစ်ခုကို ပစ်ပယ်လစ်လျူရှုပစ်လိုက်တာမျိုး မဟုတ်ဘဲ၊ ကွဲအက်သွားတယ်ဆိုတာကို ပြန်ဆက်ထားတယ်။ အဲသလို ပြန်ဆက်ထားတယ်ဆိုတာကိုလည်း ဖုံးကွယ်မထားဘဲ၊ ဒါဟာအက်ကွဲကြောင်းနေရာပါ၊ အက်ကွဲခဲ့ဖူးပါတယ်ဆိုတာကို မြင်သာထင်ရှားစေရုံမက ပိုမိုမြတ်နိုးစရာကောင်းအောင် လှပစေတဲ့ အနုပညာ၊ အရုပ်ဆိုးအကျည်တန်ခြင်းတစ်ခုကို ဖုံးကွယ်မထားဘဲ မြင်သာထင်ရှားစေရုံမက အကျည်းတန်ခြင်းမှာလည်း လှပခြင်းဆိုတာရှိတယ်ဆိုတာကို မြင်စေတဲ့ ဂျပန်တွေရဲ့ wabi-sabi ဖီလော်ဆော်ဖီ…… ။


နောက်တစ်ခုကတော့….


ဘယ်အရာမှာ အမြဲတမ်း ပြည့်စုံမနေဘူး။ ပြည့်စုံနေခဲ့တယ်ဆိုရင်တောင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပုံစံတစ်မျိုးမျိုးနဲ့ ကွဲအက်ကြေမွကြရတာပဲ။ ဒါမှမဟုတ်လည်း တစ်နေရာရာမှာ လူမသိသူမသိ ပဲ့နေ၊ ရွဲ့နေတာလေးတွေ ရှိမှာပဲ။ အဲသလို မပြည့်စုံမှုကိုသာမက၊ အမြဲတမ်း မပြောင်းလဲတဲ့ ပြောင်းလဲမှုဆိုတာကို လက်ခံနိုင်တဲ့စိတ်၊ စွဲလန်းတွယ်တာသံယောဇဉ်တွေကို သာသာဖွဖွလေး ကိုင်တွယ်နိုင်မှု (ဖြတ်တောက်နိုင်မှု)၊ ကံအကြောင်းတရား ဆိုတာကို လက်ခံနိုင်မှု… စတဲ့ ဂျပန်တွေရဲ့ Mushin ဆိုတဲ့ “no mind” ဖီလော်ဆော်ဖီ။


ကျမ လက်ထဲမှာ ကွဲသွားတဲ့ sake အိုး အနက်ရောင်လေးကိုကြည့်ရင်း Kintsugi၊ wabi-sabi နဲ့ Mushin တို့ရဲ့ ဆက်နွယ်မှုကို ဆင်ခြင်စဉ်းစားလို့ နေမိခဲ့တယ်။


ကျမတို့ဟာ ဘဝရဲ့ အက်ကွဲကြောင်းတွေ၊ ကျဆုံးခြင်းတွေကို ဖုံးကွယ်ထားမလား၊ ကွဲအက်ကြေမွနေပြီပဲဆိုပြီး လစ်လျှူရှုမလား၊ ရေစုန်မျောလိုက်မလား၊


ကွဲအက်မှုတွေ၊ ကျဆုံးမှုတွေကို ကြိုးစားပြန်ဆက်ရုံမက၊ အက်ကွဲကြောင်းတွေကို အသိမှတ်ပြု၊ ပိုပြီးတောင်လှပ မြတ်နိုးစရာကောင်းအောင် လုပ်ကြမလား။


Wabi-sabi ဖီလော်ဆော်ဖီဟာ ကျမ အတွက်၊ ကျမဘဝအတွက် အကျုံးဝင်ပါရဲ့လား။


ကျမရဲ့ ဖြတ်သန်းမှုတွေကို Mushin နဲ့ တစ်ကယ်ပဲ လက်တွေ့ကျကျ လုပ်နိုင်ပါရဲ့လား။


ကျမဘဝရဲ့ Kintsugi ကကော……..


ရွှေမှုန်၊ ငွေမှုန်၊ ယွန်းမှုန်လေးတွေနဲ့ လူတွေရှေ့မှာ ပျက်ပျက်ထင်ထင် မြင်သာထင်ရှားပါရဲ့လား…။


အခုတော့……


ကျမ ရဲ့ လက်ထဲမှာ…


ကျမ သိပ်ချစ်တဲ့…


ကွဲအက်သွားပြီဖြစ်တဲ့ …


ရွှေရောင်ပန်းခက်လေးတွေနဲ့ sake အိုး အနက်ရောင်လေးက အသံမဲ့ လှဲလျောင်းလို့ …။


ချစ်ခင်စွာဖြင့်..


အိမ့်ချမ်းမြေ့



♫ ♥●••·˙˙·••●♥♫

Comments


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page