စတော်ဘယ်ရီပင်အောက် နှင်းဆီသီးစားသုံးသူများ
- အိမ့်ချမ်းမြေ့
- Sep 12, 2021
- 1 min read
စာရေးသူလည်း စတော်ဘယ်ရီပင်အောက်က စာရေးဆရာမကိစ္စ စိတ်စွဲနေလို့၊ အိပ်မက်ထဲထိတောင် ထည့်မက်မိတယ်။ နောက်ရက်မှာတော့ စတော်ဘယ်ရီပင်ရိပ် ကိစ္စနဲ့ပတ်သက်ပြီး သတင်းရလာတာက အဲဒီစတော်ဘယ်ရီပင်ရိပ်ဟာ အထင်ကရ ဆရာကြီးတစ်ဦးရဲ့ ဝတ္ထုတစ်ပုဒ်ထဲကလို့ ကြားသိလာရပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာပြည်မှာ စတော်ဘယ်ရီပင်ကြီး မရှိနိုင်ဘူးဆိုတဲ့ အဆိုတွေကိုလည်း ကြားနေ ရတော့ အဲဒီကိစ္စကို ပိုလို့စိတ်ဝင်စားလာမိပြန်တယ်။ စာရေးသူလည်း စတော်ဘယ်ရီပင်အကြောင်း ဆရာကြီးဘယ်လိုများရေးထားသလဲ သိချင်ဇောနဲ့ သူရေးခဲ့တဲ့ ဂန္တဝင်ဝတ္ထု ကြီးကို ကျည်ဆန်ရထားထက် မြန်တဲ့နှုန်းနဲ့ ဖတ်ပါတော့တယ်။ ဟုတ်ကဲ့ စာရေးသူ စကားခံထားတဲ့အတိုင်း အလုပ်တစ်ဘက်နဲ့မို့ ကျည်ဆန်ရထားထက်မြန်တဲ့နှုန်းနဲ့ တစ်ပုဒ်ထဲတောင် မဟုတ်၊ နှစ်ပုဒ်၊ တစ်ပုဒ်ကို နှစ်ခေါက်စီ ဖတ်ပစ်လိုက်တာ၊ စတော်ဘယ်ရီပင်မပြောနဲ့ စတော်ဘယ်ရီစေ့နဲ့တူတာတောင် မတွေ့ခဲ့ရပါဘူး။
စာရေးသူဖတ်လိုက်တဲ့ ဝတ္ထုတွေကတော့ `မေ ´.. နဲ့ .. `မြိုင်´… ပါ။
‘မေ’ ဝတ္ထုဟာဖြင့် ရန်ကုန် နဲ့ ပဲခူးမြို့များမှာ အခြေခံလို့ စတော်ဘယ်ရီပင်နဲ့ အလှမ်းဝေး နေသေးတယ် လို့မှတ်ပြီး အားလျော့မိတယ်။ ‘မြိုင်’ ကတော့ လားရှိုးတစ်ဝိုက်မှာ ဇာတ်လမ်းအခြေတည်လို့ စတော်ဘယ်ရီနဲ့ နီးစပ်လာသလိုရှိပေမယ့်လည်း ဝတ္ထုထဲက ဇာတ်ကောင်တွေဟာ စတော်ဘယ်ရီ သစ်ပင်အောက် ချိန်းတွေ့စရာမလိုအောင် ခေတ်ရှေ့ပြေးလို့ မြန်မာဂန္တဝင်အချစ်ဝတ္ထုတွေ များများစားစား သိပ်မဖတ်ဖူးတဲ့ စာရေးသူမှာ အနည်းငယ်ရှက်သလိုလို ဘာလိုလို ဖြစ်ရပေမယ့်လည်း ဆရာကြီးရဲ့ စာတွေဟာ ဆွဲဆောင်မှုရှိလွန်းလှတာကို စိတ်ထဲကကြိတ်ပြီး ချီးကျူးလိုက်မိမလိုဖြစ်သွားသေးတယ်။
တစ်ချိန်တည်းမှာပဲ ကိုယ်လိုစာရေးသူတစ်ဦးက ဆရာကြီးလို စာရေးသူတစ်ဦးကို ချီးကျူးသင့် မသင့် ယဉ်ကျေးမှုအစဉ်လာတွေကြား တွေ ကနဲ.. တစ်ချက်ဖြစ်သွားလိုက်သေးသည်။
ဒီလိုနဲ့ ‘မေ’ ကော ‘မြိုင်’ ကော ဖတ်အပြီး စတော်ဘယ်ရီကို တစ်လုံးမှ မတွေ့သေးလို့ စာရေးသူမှာ မူးဝေလာတဲ့အထိကို ဖြစ်လာတယ်။ စတော်ဘယ်ရီပင်အောက်ကခုံမှာ ထိုင်ခဲ့တယ်လို့ ရေးခဲ့လို့ စာပေလောကနဲ့ စာဖတ်သူတွေကြား လှောင်စရာဖြစ်ခဲ့တဲ့ ဒီစာကို ဆရာကြီးရေးခဲ့တာမှန်ရင်၊ ဆရာကြီးဟာ ရှမ်းပြည်မှာ ခေါင်းချသွားခဲ့တာဖြစ်လို့၊ အအေးပိုင်းဒေသတွေမှာ ပေါက်တတ်တဲ့ သစ်ပင်တွေအကြောင်း၊ အထူးသဖြင့် စတော်ဘယ်ရီပင်အကြောင်း အနည်းနဲ့ အများ သိကိုသိမှာပဲလို့ ယုံကြည်နေမိတယ်။
အဲ…. ဆရာကြီးရေးခဲ့တာ မဟုတ်ဘဲ အခြားစာရေးဆရာ/မ တစ်ဦးဦးရေးခဲ့တာ ဆိုရင်လည်း စတော်ဘယ်ရီပင်ရိပ်အောက်မှာ ထိုင်နိုင်လောက်အောင် ကြီးတဲ့ စတော်ဘယ်ရီ အပင် မြန်မာပြည်မှာ မရှိဘဲ ရေးခဲ့ပါ့မလား၊ မြန်မာပြည်မှာ စတော်ဘယ်ရီပင်ကြီးတွေ မရှိနိုင်တော့ဘူးလားဆိုတဲ့ စူးစမ်းလို စိတ်တွေနဲ့ …..။
ဟုတ်တယ်…။
မြန်မာပြည်မှာ စတော်ဘယ်ရီ tree ဆိုတာ ရှိကိုရှိလိမ့်မယ်လို့ ယုံကြည်နေမိတဲ့ စိတ်တွေနဲ့ပေါ့။

အဲသလိုယုံကြည်နေတဲ့ စိတ်တွေရယ်၊ ‘မေ’ နဲ့ ‘မြိုင်’ ကို အရှိန်နဲ့ဖတ်ထားတာတွေကြောင့်
ခေါင်းတွေမူးဝေနေရတဲ့အထဲ ဝါရှင်တန်ဒီစီ Smithsonian National Museum - Natural History/ botanical exploration in Myanmar ဌာနကိုလည်း အီးမေးလှမ်းပို့ စုံစမ်းထားတာ အဖြေပြန်လာပြီ လားလည်း မကြာခဏ အီးမေးဖွင့် စစ်ရသေးသည်။
အဲသလိုနဲ့….. ဝါရှင်တန်ဒီစီ
Smithsonian National Museum က ပြန်လည်ဆက်သွယ်လာပါတယ်။
Myricaceae မိသားစုထဲမှာပါတဲ့ .. ဘယ်ရီအမျိုးအပင်ကြီးတွေ
မြန်မာပြည်ထဲမှာ ရှိတယ်ဆိုတာသိခဲ့ရတယ်။
၂၅ ပေအမြင့်ထိရှိနိုင်တဲ့ Myrica esculenta စတော်ဘယ်ရီပင်မျိုးဟာ ချင်းပြည်နယ်၊
ကချင်ပြည်နယ်နဲ့ စကိုင်းတိုင်းတွေမှာ ပေါက်တယ်လို့ ဆိုပါတယ်။
မီတာ ၂၀ ထိမြင့်တဲ့ Myrica nagi စတော်ဘယ်ရီအမျိုးအစား အပင်ဟာလည်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ ပေါက်တယ်လို့ သိရပါတယ်။
Myrica sapida စတော်ဘယ်ရီပင်ကြီးမျိုးကတော့
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ရှိတယ်လို့ သိခဲ့ရပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး…။
စာရေးသူတို့ လူအများ သိနေ စားနေတဲ့ စတော်ဘယ်ရီအပင်ပုလေးတွေဟာ စတော်ဘယ်ရီ အစစ် မဟုတ်တဲ့၊ Hybrid ( မျိုးဖောက်ထားတဲ့) နှင်းဆီပင်ရိုင်းများပဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းလေးတွေပါပဲ…။
စာရေးသူ ပထမပိုင်းမှာ ညွှန်းခဲ့တဲ့ အင်္ဂလိပ်ကဗျာလေးထဲကလိုပါပဲ… …..
လူတွေက… စတော်ဘယ်ရီပင်အစစ်တွေကို စတော်ဘယ်ရီပင်လို့ မခေါ်ကြတော့ဘဲ၊
စတော်ဘယ်ရီနဲ့ ဘာမှမဆိုင်တဲ့ အပင်တွေကို စတော်ဘယ်ရီလို့ ခေါ်လာကြတဲ့ အခါ…..
သိပ်လှတဲ့ စတော်ဘယ်ရီပင်ကြီးတစ်ပင်ရဲ့ အရိပ်အောက်မှာ နားခိုနေရင်း မျိုးဖောက်ထားတဲ့ နှင်းဆီရိုင်းအသီးလေးတွေကို စတော်ဘယ်ရီရယ်လို့.. တတွင်တွင်ခေါ်ဆိုစားသုံးကြရင်း …..
ကိုယ်နားခိုနေတဲ့ အပင်ကြီးကမှ စတော်ဘယ်ရီပင်စင်စစ်ကြီးတစ်ပင်ဆိုတာ သိချင်မှတောင် သိကြတော့မှာ……..။
အိမ့်ချမ်းမြေ့
၁၁ စက်တင်ဘာ ၂၀၁၅
facebook link -
Comments