♪••·˙တစ်ကယ်ဆိုရင် ˙·••♪
- အိမ့်ချမ်းမြေ့
- Jan 25, 2012
- 6 min read
Updated: Sep 10, 2020

တစ်ကယ်ဆိုရင် ….
ပန်းကလေးတွေကို ချစ်ရခြင်းသာလျှင်….
အတ္တကင်းပါတယ်…
သူတို့ ကြွေနွမ်းလို့ မသွားခင် အထိပေါ့ကွယ်….
ပုဏ္ဍရိက်ပန်းနီနီလေးတွေက မိုးငွေ့အောက်မှာ ယိမ်းကနေသည်။ အရွက်စိမ်းကလေးတွေက မိုးစက်လေးတွေကို တမြတ်တနိုး ထမ်းဘိုးလို့ထားသည်။ မိုးရွာပြီးစလမ်းမပေါ်မှာ “မုန်း” လှမ်းလျှောက်လာရင်း မျက်လုံးတွေက ပန်းနီနီတွေဆီမှာ တရစ်ဝဲ၀ဲ။ ဒီပန်းလေးတွေကို အညှာကချိုးပြီး ရိုးတံလေးကို နှုတ်ခမ်းမှာတေ့ပြီး စုတ်ယူလိုက်လျှင် ချိုမြိန်တဲ့ ပန်းဝတ်ရည်လေးတွေက လျှာပေါ်မှာ စီးမျောသွားတတ်သည်။
ထမီကို စုကိုင်ပြီး ကနစိုးပင်ကြီးနားက ရေနီမြောင်းမှတဆင့် လမ်းမကြီးပေါ်ကို ခုန်ကျော်ရန် အရှိန်ယူနေသော “မုန်း” မျက်စိက မြောင်းထဲကို ကြည့်ဖြစ်အောင် ကြည့်လိုက်မိသေးသည်။ မြောင်းထဲက ညစ်ပေနေသောရေတွေဟာ ဘယ်တုန်းကမှလွတ်လပ်စွာ စီးဆင်းမှု မရှိ။ ရေစီးမှု နည်းသည့်ဒီမြောင်းကို ရှင်းမည့်သူလည်း မရှိသဖြင့် မြောင်းပုပ်နံ့ခပ်သင်းသင်းကို ရတတ်သော်လည်း ပတ်ဝန်းကျင်ကလူတွေက ဒီမြောင်းနံ့ကို ရိုးအီနေကြပြီ။ မြောင်းထဲမှာ ကတ္တီပါဖိနပ်ဟောင်းတစ်ဘက်က ပေါလောပေါ်နေသေး၏။ ရေစီးနှေးလို့လား၊ အောက်မှာတစ်ခုခုနဲ့ ငြိတွယ်နေလို့လား၊ ဖိနပ်ဟာ ဒီနားမှာပဲ သောင်တင်နေသည်မှာ လနှင့်ချီနေလောက်ပြီ။ “မုန်း” မြောင်းကိုခုန်ကျော်လိုက်တော့ ဖားတစ်ကောင်က လန့်ပြီး ရေအောက်ငုပ်သွားသည်။ “ပလုံ” ဟုတောင် အသံမြည်သွားသေးသည်။ “မုန်း” ပြုံးလိုက်၏။
“အနည်းဆုံး ဖား တစ်ကောင်ကတော့ ငါ့ကို ကြောက်သေးတယ်”
♥♫ ♥♫
လမ်းမကျယ်ကြီးဆိုပေမယ့် လမ်းတလျှောက်မှာ အုတ်ခဲနီနီတွေ ဟိုကဒီကထွက်လို့။ ရေအိုင်တွေ လမ်းမကြီးတစ်လျှောက် ပြည့်နှက်နေလိုက်တာများ လမျက်နှာပြင်ကတောင်မှ ဒီလမ်းမကြီးကို ငုံ့ကြည့်ရင်း သူ့ကိုယ်သူ ဂုဏ်ယူနိုင်လောက်သေးသည်။ “မုန်း” ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်ကြီးက ညို့မှိုင်းနေတာ လွမ်းချင်စရာကောင်းနေသည်။ ငှက်တစ်ကောင်က လေးတွဲ့စွာ ပျံသန်းသွားသည်။
“ဟဲ့… သြော်… မြန်မြန်လာတော်မူပါ၊ လသာနေတယ် ထင်နေလား မသိဘူး၊ ဒီမှာ စောင့်နေတာ ကြာလှပြီ”
လမ်းမကြီးဘေးက ဓနိမိုးအသုပ်ဆိုင်လေးထဲမှ အသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ “မုန်း” ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းလိုက်သည်။ ဆိုင်ထဲကို ဝင်လိုက်တော့ အမေရဲ့ မျက်လုံးစူးစူးတွေနှင့် ရင်ဆိုင်လိုက်ရသည်။
“ဘာလို့ ဒီလောက်ကြာနေတာလဲ”
“ဟင်းအိုး မကျသေးလို့ အမေ၊ မိုးရွာတော့ ဆိုင်မှာ လူမှ မကျတာ အမေကလည်း၊ ဖြည်းဖြည်းပေါ့”
“နင်ဟာလေ ရှည်ကိုရှည်တယ်၊ ကဲ.. ဟိုမှာ မီးသွေးထပ်ဖြည့်ချည်တော့”
ဆိုင်နောက်က မီးသွေးအိတ်မဲမဲကြီးနားမှာ ဆောင့်ဆောင့်ထိုင်ချလိုက်ပြီး အလုပ်စလိုက်သည်။ မီးသွေးအိတ်ကြီးထဲ မီးသွေးတွေကို နှုတ်ခမ်းပဲ့မြေအိုးထဲကို ခပ်၍ထည့်နေသည်။ “မုန်း” မျက်ဝန်းတွေက လမ်းမကြီးပေါ်ကို ရောက်သွားသည်။ လမ်းမကြီးပေါ်က တစ်စုံတစ်ရာကို သတိလက်လွတ်ငေးမောသွားမိသည်။ ချိုင့်ခွက်ထူသော လမ်းမကြီးပေါ်မှာ အညိုရောင်ကတ္တီပါဖိနပ်တစ်စုံက ချိုင့်ခွက်တွေကို ရှောင်ရှားရင်း လမ်းလျှောက်လာနေသည်။ ခြေသလုံးတစ်ဝက်ထိသာရှည်သော ပုဆိုးက တစ်လှမ်းလှမ်းလိုက်တိုင်း တင်းတင်းသွားသည်။
“မောင်……”
ရင်ထဲက ခပ်တိုးတိုးလေးခေါ်ပြီး “မုန်း” တမေ့တမောငေးကြည့်နေမိသည်။ အညိုရောင်ကတ္တီပါဖိနပ်တစ်ရံရယ်၊ ပုဆိုးအနားစကလေးရယ်ကို မြင်ရရုံလေးနဲ့ ဘယ်သူဆိုတာကိုသိနေလောက်အောင် နှလုံးသားက အထိန်းအကွက်မဲ့စွာ ကျရှုံးချင်နေပြီလား။ ယောင်္ကျားတစ်ယောက်၏ ခြေသလုံးကို ဒီလောက်ကြာကြာ မကြည့်ဖူးသဖြင့် မလုံမလဲဖြစ်ကာ အောက်နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ အညိုရောင်ကတ္တီပါဖိနပ်ပိုင်ရှင်သည် “မုန်း”တို့ ဆိုင်နားအထိရောက်လာနေပြီ။ “မုန်း” ခေါင်းကို ငုံ့ချလိုက်ပြီး မီးသွေးတွေကို နှုတ်ခမ်းပဲ့မြေအိုးထဲ သဲကြီးမဲကြီး ခပ်ထည့်နေမိသည်။
ဒါပေမယ့် “မုန်း” သိနေသည်။
ဒီကတ္တီပါ ဖိနပ်ပိုင်ရှင်ဟာလည်း သူမတို့ရဲ့အသုပ်ဆိုင်ကလေးကို ကျော်သွားကာ ဟိုဘက်က မုန့်ဟင်းခါးဆိုင်မှာ ခရီးဆုံးသွားမည်ကို သိနေခဲ့သည်။ ဒါပေမယ့် အခြားကတ္တီပါဖိနပ်ပိုင်ရှင်တွေ သူမဆိုင်ကို ကျော်သွားချင်သလောက်ကျော်သွားပါစေ၊ ဒီအညိုရောင်ကတ္တီပါဖိနပ်ပိုင်ရှင်ကိုတော့ သူမ ဆိုင်ကို ကျော်သွားမှာကို စိုးရိမ်နေတတ်ပြီ။
ဟိုတုန်းကလည်း ဒီလိုပဲ ကတ္တီပါဖိနပ်ပိုင်ရှင်တွေ သူမဆိုင်ရှေ့ကို ရောက်ရောက်လာခဲ့ဖူးသည်။ သို့ပေမယ့် ရောက်လာပြီး မကြာမှီ ထိုကတ္တီပါဖိနပ်ပိုင်ရှင်တွေဟာ “မုန်း” ရဲ့အသုပ်ဆိုင်လေးမှတဆင့် ဟိုဘက်က မုန့်ဟင်းခါးဆိုင်ဘက်ကို ရောက်ရောက်သွားတတ်သည်။ အလှအပကို မက်မောတတ်လေသော ယောင်္ကျားတို့အတွက် “မုန်း” သည် တာရှည်စိတ်ဝင်စားစရာကောင်းသော သူတစ်ယောက် မဟုတ်ဆိုတာ သူမကိုယ်သူမ သိနေတတ်သည်။
ဆိုင်ချင်းကပ်ရက်က “မာမာ” ဟု အမည်တွင်သော မုန့်ဟင်းခါးသည် မိန်းကလေးသည် “မုန်း” လို ပျင်းစရာကောင်းသူ တစ်ဦးမဟုတ်။ စကားပြောလျှင် ဆည်းလည်းသံလေးတွေ မြည်နေသလား ထင်ရသည်။ အပြုံးလေးတွေကလည်း မီးမရှိသော “မုန်း” တို့မြေနီလမ်းကြီးပေါ်မှာ ညအခါ လင်းလက်တတ်သည့် ကြယ်ကလေးတွေအလားဖြစ်သည်။ ခေါင်းကလေးမော့လို့ ရယ်လိုက်သည့်အခါတိုင်းလည်း နားဆွဲကလေးများ လှုပ်ခတ်သွားသည်မှာ ယောင်္ကျားလေးများအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ။ မာမာ ရယ်မောလိုက်တိုင်း ခပ်လှမ်းလှမ်းက “မုန်း” တောင်မှ ငေး၍ကြည့်ရသည်။ ဆံပင်ကလေးတွေကိုလည်း ထုံး၍တစ်မျိူး၊ ချ၍တစ်ဖုံ။ ပန်းနီ၊ ပန်းဝါ၊ ပန်းဖြူ အရောင်အမျိုးမျိုးဖြင့် တင့်တယ်လှပနေတတ်သေးသည်။
တစ်ခါတုန်းကလည်း လမ်းထိပ်က ရေခဲစက်ပိုင်ရှင်၏သား ကိုကြည်စိန် က “မုန်း” တို့၏ အသုပ်ဆိုင်မှာ နေ့စဉ်လိုလို ဆိုင်ထိုင်ခဲ့ဖူးသည်။ “မုန်း” အမေလစ်သည်နှင့် “မုန်း” နှင့် စကားစမြည်ပြောခွင့်ရရန် ကြိုးစားလေတော့သည်။
“မုန်း”
သူမ မထူး။ မထူးသည့်အပြင် ခေါက်ဆွဲကို ပန်းကန်ထဲထည့်နေရင်း မျက်နှာထားတည်တည်ဖြင့် မျက်လုံးကို လှန်ကြည့်လိုက်သည်။
ကိုကြည်စိန် က ခေါင်းကိုကုပ်ကာ ဘာဆက်ပြောရမှန်း မသိဘူးဖြစ်နေသည်။
“ဟင်းချိုလိုချင်လို့လား”
“အင်းအင်း.. နည်းနည်းထပ်ထဲ့ပေး”
သူမ ဟင်းချိုအနည်းငယ် ထပ်ဖြည့်ပေးလိုက်သည်။
“အွမ်.. နည်း လိုက်တာ”
“ဒါပဲ ကုန်အောင် သောက်ပါဦး”
သူမ စကားဖြတ်ကာ သုပ်လက်စ ခေါက်ဆွဲကို လက်စသပ်ပြီး၊ ရေနွေးအိုး မီးထိုးဟန်ဆောင်က ကျောပေးထိုင်နေလိုက်သည်။ “မုန်း” အမေက “မုန်း”ကို ဖော်ဖော်ရွေရွေ နေတတ်အောင် ချော့တစ်မျိုးခြောက်တစ်ခါ အမျိုးမျိုးပြောပေမယ့် အရာမရောက်ခဲ့။
“မုန်းရယ်.. ဖောက်သည်တွေကို ကောင်းကောင်းဆက်ဆံပါ သမီးရယ်၊ အထူးသဖြင့် ရေခဲစက်က ကောင်လေးကို..”
“မကြိုက်ဘူးအမေ”
“ဟဲ့… နင့်ကို ဘယ်သူက ကြိုက်ခိုင်းနေလို့လဲ”
“ဟင်… အဲဒါကို ပြောတာ မဟုတ်ဘူးလေ အမေကလည်း၊ သူက နာမယ်ကို အဖျားစွပ်ခေါ်တာကို မကြိုက်တာ”
“နင့် အဖျားဆွတ်မခေါ်လို့ ဘယ်လိုခေါ်ရမလဲ၊ အကုန်လုံးက ဒီလိုပဲ ခေါ်တာပဲ”
“အို.. မကြိုက်ဘူး၊ ရိသဲ့သဲ့နဲ့”
“ဒါ ရိသဲ့သဲ့ မဟုတ်ဘူး။ ငါတို့က ဈေးသည်အေ့၊ ဈေးသည်ဆိုတာ နှုတ်ချိုရတယ်။ မာမာ တို့နဲ့များ ကွာပါ့အေ၊ အကိုတန်သည်အကို၊ မောင်တန်သည်မောင်၊ အဒေါ်တန်သည်အဒေါ်။ ဟင်း… နင့်မတော့အေ… နှုတ်အာများ မပွင့်လိုက်တာ ဆိုတာ”
“အမေ ဘာသိလို့လဲ၊ သူက “မုန်း” ကို ရိသဲ့သဲ့လုပ်ချင်နေတာ၊ နောက်ပြီး အမေ့လက်ရာကြိုက်ရင် သူတို့ လာစားလိမ့်မယ်၊ “မုန်း” တော့ မာမာတို့လို ပီလောပင်ပက်ကျိမတက်နိုင်ပါဘူး၊ အလှတွေလည်း မပြင်ရဲဘူး၊ ရှက်တယ်။ အမေ့လက်ရာကောင်းရင် “မုန်း” နှုတ်ချိုစရာမလိုဘူး၊ လာစားကြမှာပဲ”
“ဟင်… မိမုန်း၊ ငါ့လက်ရာက မာမာ့ မုန့်ဟင်းခါးလောက် မကောင်းဘူးလို့ ဆိုချင်တာလား”
“သိဘူး”
“ဒီကောင်မလေး၊ တော်တော်ပြောရခက်တာပဲ၊ စီးပွားရေးလုပ်တယ်ဆိုတာ ဆက်ဆံရေးလည်း ညက်ညောရတယ်ဟဲ့”
အမေ ဘယ်လောက်ဆုံးမဆုံးမ “မုန်း” တစ်ယောက်ကတော့ ကျွဲပါးစောင်းတီး သလို မိခင်စကားကို နားမဝင်။ ဆေးရောင်ခြယ်သမှု မဲ့သော မျက်နှာပြင်မှာ အပြုံးရိပ်တို့ရှားပါးလျှက်… နှုတ်စကားတို့လည်း ဆွံ့အလျှက်..။
♫ ♥●••·˙˙·••●♥♫
သူမ ဆိုင်ရှေ့မှာ ရစ်ဝဲခဲ့ဖူးသော ရေခဲစက်ပိုင်ရှင်သားရဲ့ ကတ္တီပါဖိနပ်၊ ကျောင်းဆရာပေါက်စ ကတ္တီပါဖိနပ်၊ ရုံးစာရေးကြီးသား ကတ္တီပါဖိနပ်၊ ရပ်ကွက်လူကြီးသား ကတ္တီပါဖိနပ်တို့သည် ဆည်းလည်းသံလေးများလွင်နေသော၊ အရောင်စုံသော၊ စိတ်ဝင်စားဖွယ်ကောင်းသော မာမာ၏ မုန့်ဟင်းခါးဆိုင်လေးဘက်ကို၊ ချောင်းရေနှင့်အတူ ရွေ့လျောမျောပါသွားသော သစ်ရွက်တို့ကဲ့သို့ ရွေ့မျောသွားကြကုန်လေသည်။
“ဒီအညိုရောင်ကတ္တီပါဖိနပ်လေးတော့ မမျောသွားပါစေနဲ့၊ ကျန်တာတွေ မျောချင်သလောက်မျောစမ်း.. အဟွန်း”
“ကလုံ.. ဂွမ်.. တုံ…”
“အမေ့”
“ဟဲ့.. ဟဲ့.. မိမုန်းရယ်၊ ဘာတွေ မျောကုန်တာလဲ၊ တစ်ယောက်ထဲလည်း ဘာတွေ သဘောကျနေတာလဲ”
“ကတ္တီပါဖိနပ်အညိုမျော.. အဲ…. မဟုတ်ပါဘူး”
“ဘယ်က ကတ္တီပါဖိနပ်အညိုလဲ၊ ငါ့အိုးအသစ်လေးလည်း ကုန်ပါပြီဟယ်”
“မုန်း” အတွေးတွေ အရမ်းလွန်သွားပြီး မီးသွေးအိုးကိုကိုင်ကာ ရုတ်တရက် မတ်တပ်ထရပ်လိုက်မိလို့ တဲခေါင်မိုးပေါ်မှာ တန်းလန်းဆွဲထားသော ရေနွေးအိုးတစ်လုံးနှင့် ခေါင်းတိုက်မိသွားခြင်းဖြစ်လေသည်။ မတ်တပ်ရပ်လိုက်မိသည့်အချိန်၊ ခေါင်းက တဲခေါင်မိုးက ရေနွေးအိုးကိုတိုက်မိသည့်အချိန်၊ သူမ မျက်လုံးတွေက ဆိုင်ရှေ့မှာ သေသပ်စွာထိုင်နေပြီး အသုပ်စားရန်စောင့်နေသာ အညိုရောင်ကတ္တီပါဖိနပ်ရှင်၏ မျက်လုံးတို့နှင့် ဆုံမိချိန်တို့သည် တစ်စက္ကန့်၏သုံးပုံတစ်ပုံအတွင်းမှာ အကုန်ဖြစ်ပျက်သွားခြင်းဖြစ်လေသည်။ သူမ အလွန်အမင်းရှက်သွားသော တဲနောက်က ပွက်ပွက်ဆူနေသော ဟင်းချိုအိုးကဲ့သို့ ကိုယ်တွေ တရှိန်းရှိန်းပူတက်သွားသည်။ ခေါင်းနှင့်တိုက်မိသည့် အမေ့၏ အိုးကလည်း ပြုတ်ကျသွားကာ အရှိန်နှင့် တဲဘေးကို လိမ့်သွားလေတော့သည်။ “မုန်း” အမြန်လိုက်ကောက်မိသည်။ ကတ္တီပါဖိနပ်အညိုရောင်ပိုင်ရှင်ကလည်း ထိုင်ရာမှထကာ လိမ့်သွားသောရေနွေးအိုးနောက်ကို လိုက်လေတော့သည်။
အသုပ်ဆိုင်တဲကလည်း ကုန်းမြင့်ကလေးမှာ ရှိနေသည်။ ရေနွေးအိုးကလည်း အရှိန်ကောင်းကောင်းနှင့် လိမ့်နေသည်။ မိုးကလည်း ရွာထားသည်။ “မုန်း” ကလည်း ရှက်နေသည်။ ထိုအကြောင်းတွေ စုသွားသည့်အခါများတွင် “မုန်း” တစ်ယောက် အသုပ်ဆိုင်တဲ ခပ်လှမ်းလှမ်းနားက ရေစပ်စပ်ချုံပုတ်နားမှာ ခြေခွင်လဲလေတော့သည်။
ခြေထောက်ကို ကိုင်ကာ အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။ “မုန်း” ကြိုးစားပြီး မတ်တပ်ထသည်။
“မုန်း…”
သူမကို ယောင်္ကျားတွေ အများကြီးက “မုန်း” ဟု ခေါ်ဖူးပေမယ့် ဒီတစ်ခါကြားရတဲ့ အသံကတော့ ဂယ်လက်စီတွေရယ်.. ကြယ်တာရာတွေရယ်ကို ဖြတ်လာသလား ထင်နေရသည်။ သူ့အသံတွေက အဝေးက ပြေးလာတဲ လူတစ်ယောက်ရဲ့ အသံတွေလို လှိုက်ဖိုနေသည်။ ရေနွေးအိုးကို လိုက်ဖမ်းရလို့ဖြစ်မှာပါ ဟု မိမိကိုယ်ကို လျော့ပေါ့စွာ တွေးပစ်လိုက်သည်။
“မုန်း..”
“ရှင်..”
ခပ်တိုးတိုး ထူးလိုက်မိသည့် ကိုယ့်အသံကိုယ်ကိုယ်ပင် မယုံမိ။ ငါ့အသံမှ ဟုတ်ရဲ့လားဟု မျက်မှောင်တစ်ချက်တောင် ရှုံ့မိသွားသေးသည်။ သူမကို ယောင်္ကျားတွေအများကြီးက “မုန်း” ဟု ခေါ်ဖူးသလို သူမ ကလည်း အခါပေါင်းများစွာ “အေး” “ပြော” “ဘာတုန်း” “အင်း” “ဘာလဲ” “ဒီမှာ” စသည်တို့ဖြင့် ပြန်ထူးဖူးသည်။
“အရမ်းနာသွားလား”
“ဟုတ်.. နည်းနည်းနာသွားတယ်”
“ကျနော် ထူပေးမယ်နော်”
“ဟုတ်ကဲ့”
အဲသလို ဖြေလိုက်သည့်အချိန်မှာ သူ့ဆံနွယ်လှိုင်းတွန့်လေးတွေထဲမှာ ရေငွေ့လေးတွေ ခိုတွယ်နေတာ၊ နဖူးပြင်မှာ အဖုနီနီလေး သေးသေးလေးတစ်ခုရှိနေတာ၊ သူ့ မျက်တောင်ရှည်တွေက စင်းကျနေတာတွေကို သတိထားလိုက်မိသည်။ သူ့မျက်ဝန်းတွေကတော့ သူမကိုယ်ခန္ဒာပေါ်မှာ လုံးဝရှိမနေခဲ့။ ဒါဟာ ယောင်္ကျားတစ်ယောက်ရဲ့ မိန်းမတစ်ယောက်အပေါ်မှာထားတဲ့ ယဉ်ကျေးသိမ်မေ့ွမှုရဲ့ပြယုဒ်တစ်ခု ဖြစ်လိမ့်မည်ဟု ကြီးကြီးကျယ်ကျယ် တွေးပစ်လိုက်ကာ တိတ်တိတ်လေး သဘောကျလိုက်မိပြန်သည်။
သူ.. “မုန်း” ကို လက်မောင်းမှ ဆွဲကိုင်ပြီးထူကာ ဆိုင်နားအထိ တွဲခေါ်လာခဲ့သည်။ သူမ လက်မောင်းတစ်ခုလုံးက ဘာဒဏ်ရာမှ မရှိဘဲ ထုံကျင်လာနေသည်။ လက်မောင်းမှ ထုံကျင်လာမှုက အသည်းနှလုံးအထိ စီးဆင်းလာနေသလိုလို။ သူမ ခေါင်းကိုငုံ့ကာ ထော့နင်းထော့နင်းဖြင့် ဆိုင်နားထိ ရောက်လာသည်။
“မိမုန်းရယ်.. ဘယ်နားထိသွားလဲဟင်.. သမီး”
အမေက စိုးရိမ်တကြီးဖြင့် အသုပ်ဆိုင်ဝါးတိုင်ကို လက်တစ်ဘက်နှင့်ကိုင်ထားရင်း အခြားလက်တစ်ဘက်က ထမီကို မ ထားရင်း ကုန်းကုန်းကလေးနှင့် လှမ်းမေးသည်။
“လက်မောင်း”
“ဟင်..” သူက အံ့သြပြီး သူမကို လှမ်းကြည့်လိုက်သည်။
“ဟင်.. ငါ့သမီး လက်ကျိုးပြီလား” အမေက စိုးရိမ်ပြီး အကျယ်ကြီး ထအော်သည်။ သူမလည်း ပြူးပြူးပျာပျာ ဖြစ်သွားသည်။
“ခြေထောက်နည်းနည်း နာသွားတာ မဟုတ်ဘူးလား၊ လက်မောင်းပါ ထိသွားတာထင်တယ်” သူက ပြောလာသည်။
“ဟို.. ဟို.. လက်.. လက်မောင်း အဲ.. မဟုတ်ဘူး၊ ခြေ.. ခြေ ထောက်”
“မုန်း” အမှားမှားအယွင်းယွင်းတွေ ဖြစ်နေသည်။ ရှက်ရှက်နှင့် တဲနောက်က ဟင်းချိုအိုးနားကို
ထော့ကျိုးလမ်းလျှောက်သွားက ဆောင့်ဆောင့်ထိုင်ချပြီး မီးထပ်ထိုးနေလိုက်သည်။
“မီးတွေ အရမ်းထိုးမနေနဲ့ဦး၊ ငါ့ဟင်းချိုအိုးတော့ ခန်းတော့မှာပဲ၊ ကဲ.. အိမ်သာပြန်ပါတော့ မိမုန်းရယ်”
ချော်ကလည်း လဲထား၊ အမေကလည်း မသနားတဲ့အပြင် တပျစ်တောက်တောက်ဆူနေသဖြင့် မိမုန်းစိတ်ပျက်ပျက်နှင့် အိမ်ပြန်လာခဲ့သည်။
♫ ♥●••·˙˙·••●♥♫
အပြန်လမ်းမှာတော့ လာနေကျမြေနီလမ်းမကြီးက မပြန်ဘဲ၊ ထုံးဖြူဖြူဘုရားလေးရှိသည့် လမ်းကလေးကနေ ပြန်လာခဲ့သည်။ အဲဒီနေရာက လူသူတိတ်ဆိတ်နေတတ်သည်။ ထုံးဖြူဖြူဘုရားလေးသည် အနှစ်နှစ်အလလ ဖုန်မှုန့်ရောယှက်သောမိုးငွေ့တို့နှင့် သနပ်ခါးလိမ်းကျံထားသကဲ့သို့ဖြစ်သဖြင့် အဝါရောင်သန်းသန်းလေးဖြစ်နေသည်။ ပတ်ဝန်းကျင်မှာ မချစ်စု၊ မန္တလေးရင်ခွဲ သရက်ပင်ခပ်မြင့်မြင့်တို့ ရှိနေတတ်သည်။ ဘုရားဝင်းလေးက ပေ၁၅၀ပတ်လည်ထက် မပို။
ပတ်ဝန်းကျင်မှာ ရေစွပ်စွပ် မြက်စိမ်းတွေကိုဖြတ်ပြီး “မုန်း”တို့ရဲ့ မြေနီလမ်းမကြီးကို လှမ်းမြင်နေရသည်။ အုတ်စတွေ ဆွေးနေသဖြင့် အနည်းငယ်ပဲ့နေသည့် ဘုရားဝင်းအပြင်ဘက်က အုတ်ခုံစွန်းပေါ်မှာ “မုန်း” ခဏ ထိုင်လိုက်သည့် အချိန်မှာ ခပ်လှမ်းလှမ်းက သရက်တောကို ဖြတ်ပြီး လွင့်ပျံ့လာသော သီချင်းတစ်ပုဒ်။
“မင်း ပန်မယ်ဆိုရင်.. ကိုယ်ခူးပေးပါ့မယ်.. အချစ်ရယ်၊ ဒါပေမယ့် ဒီပန်းကို မင်းတန်ဘိုးထားရမယ် …”
“မင်း ဆိုမယ်ဆိုရင်.. ကိုယ်ရေးပေးပါ့မယ်.. အချစ်ရယ်၊ ဒါပေမယ့် ဒီသီချင်းကို မင်း ခံစားတတ်မှကွယ်…”
“မုန်း” မျက်စိကိုမှိတ်လိုက်၏။ သက်ပြင်းလေးကို ချလိုက်သည်။ ပတ်ဝန်းကျင်မှာ မြက်ပင်စိမ်းတွေ လေတိုးသံ၊ လမ်းမကျယ်ကြီးပေါ်က ဆိုက်ကားတွေ၊ ကားတွေရဲ့အသံ၊ ခပ်တိုးတိုးလွင့်ပျံ့လာတဲ့ သီချင်းသံထဲမှာ အနည်းငယ်နစ်မျောသွားမိသည်။
“မုန်း”
နောက်မှ ကပ်ပြီး ခပ်တိုးတိုးခေါ်လိုက်သံက မုန်းကို ရုတ်ကနဲမတ်တပ်ထရပ်လိုက်စေသည်။ ထိုင်နေသည့် အုတ်ခုံစွန်းကဆွေးနေသဖြင့် အုတ်အစအသေးလေးတစ်စ ညာဘက်ခြေထောက်ပေါ်တည့်တည့် ထိုးကျသွားသည်။ နာလွန်းလို့ ရင်ထဲက “အား” ကနဲ အကျယ်ကြီးအော်လိုက်မိသော်လည်း အံကြိတ်ထားရင်း သူ့ကို ခပ်တည်တည်ကြည့်နေလိုက်သည်။ နာကျင်သည့်ဝေဒနာကို မခံနိုင်လွန်း၍ ဘယ်ဘက်ဖိနပ်ကိုအသာချွတ်ပြီး ညာဘက်ခြေထောက်ကို မသိမသာ ပွတ်နေလိုက်သည်။ “မုန်း”မျက်နှာ ရှုံ့နေသည်ကို မြင်ပြီး သူကလည်း ဘာမှန်းညာမှန်းမသိ မျက်နှာပျက်နေသည်။
အဲဒီနေ့က “မုန်း”တို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တည်တည်ကြီးစိုက်ကြည့်နေခဲ့ကြသည်။ လေထဲမှာတော့ မြက်ပင်စိမ်းနံ့၊ သရက်သီးနံ့၊ ဗွက်နံ့တို့ ရောယှက်နေလေ၏။
♫ ♥●••·˙˙·••●♥♫
အမေ့ရဲ့ အသုပ်ဆိုင်ကလေးဟာ အရင်ကထက် ပိုလို့စည်းကားလာရသည်မှာ မောင့် ရဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်မှုများကြောင့်လည်း ပါသည်။ အမေကတော့ လက်မထပ်ရသေးခင်မှာ ဒီလောက်ကြီးတွဲနေဖို့ မသင့်ဟု မုန်းကို ဆုံးမသွန်သင်သည်။
“ကိုယ်က မိန်းကလေး သမီးရဲ့၊ အနေအထိုင်ဆင်ခြင်တာ ဘယ်တော့မှ ပိုတယ် မရှိဘူး”
ဆိုင်ကို သိပ်မလာတော့ရန် “မုန်း” တားပေမယ့် မောင် ကတော့ ဆိုင်မှာ “မုန်း”ရှိသည့်အချိန်ကော၊ “မုန်း” မရှိသည့် အချိန်တွေမှာပါ ရှိနေတတ်သည်။ ဒီကြားထဲမှာ မာမာကလည်း “မီးသွေးကုန်နေလို့” “အကြမ်းအိုး အပိုလေး ခဏဌားပါဦး” “ဆန်ကာခဏယူမယ်နော်” ဟု ဆိုကာ ဆိုင်သို့ မကြာခဏ လာနေတတ်သည်။ စကားပြောရင်း မာမာက မောင့်ကို ပခုံးကိုပုတ်လိုက်၊ မောင့်အကျီ ၤနောက်စကိုဆွဲလိုက်၊ ရယ်မောရင်း ကိုယ်လုံးနှင့် ပခုံးနှင့်တိုက်လိုက်နှင့် လက်ပွန်းတတီးနေတတ်လွန်းသည်။
ထုံးဖြူဖြူဘုရားလေးနားက အုတ်ခုံလေးမှာထိုင်ဖြစ်တဲ့နေ့က မောင် နှင့် မာမာ တို့ရဲ့ ဆက်ဆံရေးက ဖက်လဲတကင်း မဖြစ်လွန်းဘူးလားဟု “မုန်း” ဆိုတော့ မောင်က “မုန်း” ကို “သဝန်တိုတတ်သည့် မိန်းကလေး” ဟု ခပ်ထတ်ထတ် ပြောလေ၏။ မုန်း နှုတ်ခမ်းလေးစေ့ကာ အဝေးက သရက်ပင်စုတွေကို ကြည့်နေခဲ့သည်။
အဲဒီနေ့က အိမ်မပြန်ကြခင်မှာ မောင့်မျက်နှာ ညိုညက်ညက်ကို ငေးကြည့်ရင်း …
“မောင် သိပ်လှတာပဲ နော်…….” လို့ ဆိုမိခဲ့သည်။
“မောင့်ကို ချစ်တဲ့ အချစ်စိတ်နဲ့ကြည့်လို့ ဖြစ်မှာပါ” ဟု မောင်တိုးတိုးဆိုတော့ မုန်း ခေါင်းငုံ့ကာပြုံးနေခဲ့မိ၏။
♫ ♥●••·˙˙·••●♥♫
ထိုနေ့က မိုးတွေသည်းထန်စွာ ရွာသွန်းနေသည်။ ဦးလေးဆီက ခေတ္တဌားလာသည့် တယောလေးကို မိုးရေစိုမှာစိုးလို့ ရင်ခွင်မှာကပ်လျှက် တင်းတင်းကြပ်ဖက်ထားရင်း ပြန်နေကျလမ်းမဟုတ်သော အခြားလမ်းမတစ်ခုအတိုင်း “မုန်း” အိမ်သို့ လျှောက်ပြန်လာခဲ့သည်။ အတော်ခပ်လှမ်းလှမ်းနေရာတွင် သူမနှင့် မျက်နှာချင်းဆိုင်နေရာဆီသို့ လျှောက်လာခဲ့သော သဏ္ဍာန်နှစ်ခုကိုတွေ့လိုက်ရသည်။ ဟုတ်မှဟုတ်ရဲ့လားဟူသော အတွေးနှင့် မိုးရေတွေကိုဖြတ်ကာ စူးစိုက်သော မျက်လုံးတွေနှင့် ကြည့်နေမိသည်။ “မုန်း” ရင်ထဲမှာ တင်းကြပ်သောဝေဒနာတစ်ခုကို ခံစားလာနေရသည်။ ထီးလေးတစ်ချောင်းတည်းအောက်တွင် ပူးကပ်လို့နှစ်ယောက်ဆောင်း ကာ ရယ်ကာမောကာဖြင့်၊ ယောင်္ကျားလေးဖြစ်သူက မိန်းကလေးဖြစ်သူ၏ ပခုံးကိုတင်းကျပ်စွာဖက်ရင်း လျှောက်လာနေခဲ့သောသဏ္ဍာန်နှစ်ခုသည် “မုန်း” နှင့် ရင်းနှီးလွန်းရသူ နှစ်ဦး။
ထုံးဖြူဖြူဘုရားလေးနားက “မုန်း”ထိုင်နေကျ အုတ်ခုံကလေးက အရင်နေ့တွေကထက် တစ်စစီပိုလို့ဆွေးကျလာနေသယောင်။ သရက်ပင်တွေကြားက ကျေးငှက်တို့ကလည်း မိုးတွေ ဒီလောက်ရွာနေတာတောင်မှ အလိုက်ကန်းဆိုးမသိ ဆူညံလွန်းသည့် နေ့။
“မာမာနဲ့ မောင် လက်တော့မယ်”
“မောင့်ကို ခွင့်မလွှတ်ပါနဲ့”
မောင့်စကားသံတွေကို မုန်း မကြားတစ်ချက်ကြားတစ်ချက်နှင့် ရင်ထဲမှာ ဝမ်းနည်းအားငယ်ရှက်ရွံ့စိတ်တွေကို အံကြိတ်ထားရင်း တင်းခံထားခဲ့မိလေသလာ။
“မုန်း” နဲ့ မောင်တို့ ချစ်ခဲ့ကြတာတွေဟာ….
အရေးကြီးလောက်တဲ့ အရာတစ်ခု …
တစ်ကယ်ကို မဟုတ်ခဲ့ဘူးလားကွယ်…
♫ ♥●••·˙˙·••●♥♫
အဲဒီနေ့က မြေနီလမ်းကြီးဘေးက ထည်ထည်ဝါဝါ ဘုန်းကြီးကျောင်းဝင်းကြီးထဲက ဓမ္မာရုံတစ်ရုံထဲမှာ မင်္ဂလာတေးသံတို့ လွင့်ပျံ့နေခဲ့သည်။ ဓမ္မာရုံအဝင်မှာ ဘုန်းကြီးကျောင်းအုတ်နံရံဘေးက ဗွက်ထူထူလမ်းအစပ်နားမှာ ရပ်လာသော ဆလွန်းကားအချို့လည်း ရှိသည်။ ဝတ်ကောင်းစားလှတွေနှင့် ပျိုရွယ်ကြီးငယ်အချို့ ဘုန်းကြီးကျောင်းထဲသို့ ကြွကြွရွရွလှမ်းသွားကြသည်။ အရောင်တဖိတ်ဖိတ်တောက်နေသော ဘုန်းကြီးကျောင်းကြီးကို ကာကွယ်ထားသောအုတ်နံရံကြီးနှင့် ရေမြောင်းကြားထဲက မြေကွက်လပ်မှာ ထမင်းကျန်ဟင်းကျန်တို့ကို အုပ်စုဖွဲ့ကာ မြိန်ရည်ရှက်ရည်စားသောက်နေကြသော ပိန်လိန်ခြောက်ကပ်နေသော အရိုးပေါ်အရေတင် ခွေးဝဲစားတအုပ်စုလည်း ရှိနေသည်။ ပိုက်ဆံအိတ်ကြီး ဂျိုင်းကြားညှပ်ထားသော ဝတ်ကောင်းစားလှနှင့် လူတစ်ဦးက ကွမ်းတံတွေးကို ခွေးတွေဘက်သို့ ပျစ် ကနဲ တစ်ချက်ထွေးပြီး ဘုန်းကြီးကျောင်းထဲကို ဝင်သွားတော့ ကိုယ်ဝန်ဆောင်ထားရသည့် ခွေးဝဲစားတစ်ကောင်က လန့်သွားသေး၏။
ကနစိုးပင်ကြီးနားက ရေမြောင်းနားမှာ တောက်တောက်ပပ ထမီစကို စုကိုင်၍ “မုန်း” ရပ်နေခဲ့သည်။ “မုန်း” ရဲ့ ဖိနပ်လေးကလည်း ရွှေနားကွပ်ဖိနပ်ကလေး၊ ခြေသည်းလေးတွေကို ပန်းရောင်ဆိုးထားလိုက်သေးသည်။ ခြေထောက်ကိုငုံ့ကြည့်ရင်း မြောင်းထဲကရေတွေကို ကြည့်လိုက်မိသည်။ ရေတွေက ထူးထူးဆန်းဆန်း ဒီနေ့မှာ စီးဆင်းနေပါလား။ မိလ္လာရောင်သန်းနေသော ရေတွေက ဘယ်နေရာမှာ အဆုံးသတ်သွားမည်နည်း။ မြင်နေကျ ဖားကလေးကော ဘယ်ရောက်နေလည်းကွယ်။ ကူးခတ်လို့ အဝေးကိုထွက်သွားပြီလား။ မြင်နေကျ ကတ္တီပါဖိနပ်ပြတ်ကလေးကတော့ တစ်စုံတစ်ရာကို ကုပ်တွယ်ထားဆဲ။ ဒါပေမယ့် စီးဆင်းနေပြီဖြစ်တဲ့ မြောင်းထဲကရေတွေကို ဘယ်လိုအံတုမည်လဲ။ ပုဏ္ဍရိက်ပန်းနီနီလေးတွေကတော့ နေရောင်ဖျော့ဖျော့အောက်မှာ ယိမ်းကနေသည်။ ပန်းကလေးတစ်ပွင့်ကို ဖျတ်ကနဲ ခူးယူလိုက်ကာ စိတ်လွတ်လက်လွတ် ဝတ်ရည်လေးကို အရင်အတိုင်း စုတ်လိုက်မိသည်။ သူတို့ရဲ့ ဝတ်ရည်လေးတွေက ငှက်ကလေးတစ်ကောင်ကောင်အတွက်သာမက “မုန်း” အတွက်ပါ ချိုအီမွှေးထုံလို့။
“ဟဲ့.. သြော်… ဒီကောင်မလေး၊ မင်္ဂလာဆောင်နောက်ကျတော့မယ်၊ ကားပေါ်တက်တော့လေ”
“အမေကလည်း ဒီနားနဲ့ ဟိုနားကို ကားနဲ့သွားရဦးမယ်၊ ရှက်တယ်”
“ဟဲ့… သတို့သမီးက သတို့သမီးလိုနေစမ်း၊ နင် ကလေးစိတ်ဘယ်တော့ ပျောက်မှာလဲ။ တက်တော့ မောင်ကြည်စိန်ကော ဧည့်သည်တွေပါ စောင့်နေတော့မယ်၊ တက်တက်”
“မုန်း” ရပ်စောင့်နေသော ကားထဲသို့ဝင်ရန် ဟန်ပြင်လိုက်သည်။
ဘယ်ကမှန်းမသိသော ရေဒီယိုအချစ်သီချင်းတစ်ပုဒ်က လွမ်းမောဘွယ်ရာ လွင့်ပျံလာနေသည်။ ကနစိုးပင်ကြီးထဲမှာ ငှက်ကလေးတစ်ကောင်က တကျစ်ကျစ်အသံပေးလို့။ ဘုန်းကြီးကျောင်းဝင်းထဲက ဓမ္မာရုံထဲမှာ “ရေခဲစက်ပိုင်ရှင်သူဌေးသား မောင်ကြည်စိန်နှင့် မမိမိမုန်းတို့၏ မင်္ဂလာဧည့်ခံပွဲ” ဆိုသည့် ရွှေဖောက်စာတမ်းကြီးက ဝင့်ထည်စွာ တလွင့်လွင့် ရှိနေမည်လား။
ကားထဲသို့ ဝင်မထိုင်မှီလိုက်ခင်လေးမှာ ရေမြောင်းထဲကို “မုန်း” ငုံ့ကြည့်လိုက်သည်။ ရေမြောင်းထဲမှာ ကနစိုးသီးအကြွေတစ်လုံးနှင့် ကတ္တီပါ ဖိနပ်ပြတ်တစ်ဖက် အိပဲ့ပဲ့နှင့် အဝေးကို စီးမျောသွားနေလေတော့သည်။
တစ်ကယ်ဆို…
လူသူမသိ တိတ်တိတ်လေး ကြွေသွားတဲ့
ကနစိုးသီးကလေးတစ်လုံးဟာ
ရေမကူးတတ်တဲ့ ပိုးကောင်လေး တစ်ကောင်အတွက်
အားကိုးခိုတွယ်ရာကြီးပါ..
ကနစိုးသီးကလေး ပုပ်အဲ့လို့ မသွားခင်ထိပေါ့ကွယ်…။
ချစ်ခင်လေးစားစွာဖြင့်…..
အိမ့်ချမ်းမြေ့
24 Comments »
မင်္ဂလာပါ…
သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ….
Myanmar Online Music: MyanmarOnlineMusic.Com
အားလုံးကိုဖိတ်ခေါ်ပါတယ်..
ကျေးဇူးပါ…
Comment by Myanmar Online Music — January 25, 2012 @ 7:25 pm
နူးညံ့လွန်းလှတဲ့အရေးအသားလေးနဲ့ ဝတ္ထုလေးတစ်ပုဒ်ပါပဲဗျာ….
ခင်မင်လျက်
နေဝသန်
Comment by နေဝသန် — January 25, 2012 @ 7:26 pm
“အနည်းဆုံး ဖား တစ်ကောင်ကတော့ ငါ့ကို ကြောက်သေးတယ်”
♥♫ ♥♫
အမ အဲဒိစာကြောင်းလေးကိုသဘောကျတယ်
ဝတ္ထု တစ်ပုဒ်လုံးလည်း အရမ်း ဖတ်လို့ကောင်းပါတယ် အမ
ကျေးဇူးပါနော် စာဖတ်ခွင့်ရလို့
Comment by Khin — January 25, 2012 @ 9:21 pm
မလေး .. တကွက်ချင်းမြင်ယောင်သွားတယ် .. း)
နောက်ဆုံးတော့လည်း ဖြစ်တတ်ပါတယ်ပေါ့နော် …..
Comment by မိုးခါး — January 25, 2012 @ 9:23 pm
မလေးရဲ့ အရေးအသားက descriptive ဖြစ်လိုက်တာ..။ အဲဒီမုန်းဆိုတဲ့ ကောင်မလေးရဲ့ ( ပဲများရမှာ ပျင်းပုံရတဲ့၊ အဲဒါကြောင့်ပဲ ချစ်ဖို့ကောင်းတဲ့ ) ပြင်ပပုံစံကို၊ သူမရဲ့ ရိုးသန့် လှပတဲ့ အတွင်းပုံစံ ( နှလုံးသား ) ကို၊ သူမအမေ့ရဲ့ ပုံစံကို၊ မြန်မာပြည်က မြင်ဖူးနေကျ ရပ်ကွက်ကလေးတခုကို၊ ရပ်ကွက်ထဲနေသူတွေရဲ့ ဘဝတွေကို မျက်စိရှေ့မှာ တခန်းပြီးတခန်း တဖျတ်ဖျတ် မြင်နေရတယ်။ မုန်းရဲ့ “ငယ်ရွယ်ပြီး သန့်ရှင်းလှပတဲ့ အချစ်” ဖူးပွင့်လာပုံကို ရေးပြထားတာက လက်ဖျားခါလောက်ပါတယ်။ ဒါကြောင့် ဒီဝတ္ထုလည်း မလေးရဲ့ အကောင်းဆုံး ဝတ္တုများ စာရင်းထဲ ပါဦးမှာပါပဲ။ တခုပဲ ရှိတယ်။ ဒီပိုစ့်က အရေးအသား အင်မတန် လှပပေမဲ့ ဘဝနုနုနယ်နယ်လေးတခု ရိုမန်တစ်ဆန်ဆန် မလှပလိုက်ရဘဲ ( ပန်းကလေးတပွင့် သက်တမ်း ရှိသလောက် မပွင့်ဖူးလိုက်ရဘဲ )၊ ဘဝဆန်ဆန် ( အသီးသီးဖို့ ) ပွင့်လွှာ ပွင့်ချပ်တွေ ခပ်စောစော ကြွေလိုက်ရတာကို တော့ အားမလိုအားမရ ဖြစ်မိတယ်။ ဒါပေမဲ့ “ဘဝဟာ ဒီလိုပါပဲလေ” လို့ တွေးမိပါတယ်။
Comment by ပြည်ကောင်းအောင် — January 25, 2012 @ 10:09 pm
မြောင်းသေထဲမှာ မျှောသွားတယ် မလေး၊
အားပေးလျက်
ချိုခ
Comment by ချိုခ — January 25, 2012 @ 11:35 pm
ဒီဝတ္ထုထဲမှာ မိုးငွေ့ဆိုတဲ့ အသုံးနှုန်းလေး နှစ်နေရာတွေ့လိုက်မယ် မလေး…။ ဇာတ်လမ်းလေးသိပ်ကောင်းတယ်…။
Comment by မိုးငွေ့ — January 26, 2012 @ 12:36 am
မလေးရဲ့စာသားလေးထဲက ကတ္တီပါဖိနပ်လေးကို မုန်းလိုက်တာ …. း(
အနည်းဆုံး ဖားတကောင်ကတော့ ငါ့ကိုကြောက်သေးတယ် …
Comment by မီးငယ် — January 26, 2012 @ 1:04 am
ပန်းကလေးရယ် ..
ကနစိုးသီးလေးရယ် ..
မြောင်းသေထဲ မျောနေတဲ့ ကတ္တီပါ ဖိနပ်လေးတဖက်ရယ် …
နိမိတ်ပုံလေးတွေလိုပဲ။
မလေးဝတ္ထုထဲမှာ မုန်းနဲ့အတူ စီးမျောသွားတယ်။
Comment by MDW — January 26, 2012 @ 7:36 am
‘ကနစိုးသီးကလေးတစ်လုံးဟာရေမကူးတတ်တဲ့ ပိုးကောင်လေး တစ်ကောင်အတွက်အားကိုးခိုတွယ်ရာကြီးပါ’တဲ့။
ဇာတ်လမ်းအဆုံးသတ်လေးကလည်းတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းလေးမို့ဖတ်ရတာကျေနပ်တယ် မလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Comment by အန်တီတင့် — January 26, 2012 @ 7:40 am
ရင်ထဲမှာ ဘာလိုလိုကြီး ဖြစ်ကျန်ခဲ့တယ်။ း( ဟင့်…ဝမ်းနည်းတယ်။
Comment by Tom — January 26, 2012 @ 1:17 pm
ကြိုက်တယ်။ နဂိုလ်ကတည်းကမောင်ကြည်စိန်နဲ့ ရစေချင်နေတာ အဟီး။ ရေမကူးတတ်တဲ့ပိုးတောင်လေးဖြစ်ချင်တယ်။ ကနစိုသီးစားချင်လို့ ။ ဒီမှာဈေးကြီးတဲ့အသီးတွေ မရေးပါနဲ့ ဆရာမရယ်။ Henlong မှာ တပေါင် ရ.၉၉ မို့ မစားနိုင်ဘူး။
Comment by ထိပ်ထား — January 26, 2012 @ 7:13 pm
I want Mone to meet another good guy (not Ko Kyi Sein)..
Comment by Theingar Kyaw — January 27, 2012 @ 4:11 am
လွမ်းပြီး ကျန်ခဲ့တယ် မလေးရေ။
Comment by ponyate — January 28, 2012 @ 10:36 pm
လက်တွေ့ဘဝဆန်တာမို့ ကြိ ုက်တယ်..
Comment by စန်းထွန်း — January 28, 2012 @ 10:53 pm
မလေးရေ..
ချစ်သူ့အိမ်ကို ဖတ်တုန်းက ခံစားချက်လိုမျိုးလေး ပြန်ရလိုက်သလိုပဲ။ ဒီတစ်ပုဒ်လည်း မလေးရဲ့ master piece စာရင်းဝင်ထဲထည့်ပါရစေ။ သရုပ်ဖော်ထားတာလေးတွေ လှလွန်းလို့
Comment by ပန်းချီ — January 29, 2012 @ 5:44 pm
ပန်းကလေးတွေရယ် ကတ္တီပါဖိနပ်ပြတ်ကလေးရယ် မစီးချင်စီးချင် စီးဆင်းနေရတဲ့မြောင်းရေလေးရယ် တိတ်တိတ်လေးကြွေကျသွားတဲ့ကနစိုးသီးလေးပေါ် တွဲခိုပါသွားမယ့်ရေမကူးတတ်တဲ့ပိုးကောင်ငယ်လေးရယ်… နောက်ပြီးတော့ ဆန္ဒနဲ့ဘယ်သောအခါမှ ထပ်တူမကျနိုင်တဲ့ သူ့သဘောသူဆောင်တဲ့ဘဝဆိုတာကို နားလည်ခံစားရင်း….
မလေးရဲ့ ဝတ္ထုတိုအရေးအသားလေးတွေကို အရမ်းကြိုက်တယ်။ း))
Comment by မအိမ်သူ — January 29, 2012 @ 7:18 pm
ဖတ်လို့ကောင်းတယ်ဗျ
.net ကို လုပ်ထားတဲ့ ပုံစံလေးလည်း သဘောကျပါတယ်
အဲဒါလေး ပြန်ရှင်လာတာလား ???
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — January 31, 2012 @ 3:27 am
သေသွားတဲ့ အရာတစ်ခုက ပြန်ရှင်တတ်လို့လား အဘရယ်… ???
“ဒေါ့နက်” ကို ကိုယ့်ကိုယ်တိုင် (ကိုယ်တစ်ယောက်ထဲ) ကြိုးစား၍ တည်ဆောက်ထားခြင်းသာဖြစ်ပါတယ်ရှင်…
Comment by မလေး — January 31, 2012 @ 9:46 am
မောင်က ဘာဖြစ်လို့ မာမာနဲ့ လက်ထပ်သွားရတာလဲကို သိချင်နေလို့ မတင်မကျဖြစ်သွားတယ် မလေး။ :-/
Comment by ဇွန်မိုးစက် — February 7, 2012 @ 1:50 am
ဇွန် — မောင်မောင်က မာမာနဲ့ လက်ထပ်တော့မယ်ပဲ ပြောသွားတာ၊ တကယ်လက်ထပ်သွားတာက မုန်းနဲ့ကိုကြည်စိန်ရယ်ပါ…
Comment by မလေး — February 8, 2012 @ 1:13 am
သြော်… ဂလိုလား… ဒီတစ်ခါ အဓိပ္ပာယ်လွဲသွားတယ်
Comment by ဇွန်မိုးစက် — February 9, 2012 @ 12:28 am
ဇွန် လွဲဖတ်မိတာကို ပြောတာနော်။ မလေး လွဲတာဟုတ်ဘူး။
Comment by ဇွန်မိုးစက် — February 9, 2012 @ 12:29 am
အရမ်းကောင်းတာပဲ နင့်နေအောင်ခံစားရတယ်။
ခံစားချက်ရှိလိူ့လားမသိဘူး။
နောက်လည်းဒီလိုမျိုး ရေးပါနော်။
Comment by lamin — September 24, 2012 @ 2:08 am
Comments