♫••·˙သိုသိပ်နက်နဲစွာ˙·••♫
- အိမ့်ချမ်းမြေ့
- Aug 7, 2018
- 3 min read
Updated: Sep 10, 2020

ကျွန်တော်.....
သူမကို ချစ်မိနေတယ် ထင်တယ်။
ချစ်မိနေတယ်....
ချစ်မိသွားတယ်....
ချစ်တယ်.. ဆိုတဲ့ စကားလုံးတွေကို ချစ်ခဲ့မိတဲ့ မိန်းကလေးအချို့ကို ပြောဖူးပါတယ်။
ဒါပေမဲ့....
သူမနဲ့ပတ်သက်လာတဲ့အခါမှာတော့ ချစ်တယ် ဆိုတဲ့ စကားလုံးဟာ ပေါ့ရွှတ်ရွှတ် စကားလုံးတစ်လုံး ဖြစ်သွားရသလိုပဲ။ ချစ်တယ်ဆိုတဲ့ စကားထက် လေးနက်တဲ့ စကားလုံး သူမအတွက် ရှိကိုရှိရမယ်လို့ တွေးနေမိတာလည်း အခါခါ။
လက်ဘက်ရည်ကို အသာငုံ့သောက်ပြီး ပန်းကန်လုံးလေးကို စားပွဲပေါ်ကို တင်လိုက်ပြီး ခပ်လှမ်းလှမ်းက လမ်းသွယ်ကွေ့လေးကို မျှော်ငေးကြည့်လိုက်မိတယ်။ သူမ လျှောက်လာတော့မယ်ဆိုတာကို တွေးနေမိချိန်လေးမှာတင် နွေးကနဲဖြစ်သွားတတ်တဲ့ ရင်ဘတ်ကြီးကို သဘောကျရမှာလား၊ စိတ်တိုရမလား မပြောတတ်တော့ဘူး။ ဘေးမှာထိုင်ပြီး အကြော်စားနေတဲ့ မျိုးလွင်ကို အားနာစွာ မလုံမလဲ တစ်ချက် လှမ်းကြည့်လိုက်မိသေးတယ်။
တကယ်ဆို...
သူငယ်ချင်းက သူမကို ချစ်နေမိပြီလို့ အရင်ဖွင့်ပြောလာသူ မဟုတ်ပါလား။
စည်းဆိုတာ သူငယ်ချင်းအချင်းချင်းကြားမှာတောင် ထားရမယ့် အရာလို့ ခံယူထားတတ်သူတွေအတွက် အရာရာဟာ တပန်းရှုံးတာပဲ။
"ငါ..ဖြူနွေးကို အရမ်းချစ်နေမိပြီကွာ..."
အဲဒီနေ့က တိမ်တွေပြိုကျသွားသလိုခံစားလိုက်ရတယ်။ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး ဘာမှမဖြစ်သလို မျက်နှာကို တည်ထားခဲ့ပေမဲ့ ရင်တစ်ခုလုံးဟာ လျှပ်စစ်တွေ ဖြတ်စီးသွားသလား ထင်လိုက်ရတယ်။
"အင်း........"
ဘာပြန်ပြောရမှန်းမသိလို့ မျိုးလွင်ရဲ့စကားကို "အင်း..." တစ်လုံးသာ လေးတွဲ့တွဲ့ ချပြီး တုံ့ပြန်ခဲ့မိတယ်။
အဲဒီညက ယောင်္ကျားတန်မဲ့ မျက်ရည်တွေကျလာလို့ ငုတ်တုပ်ထထိုင်ပြီး မယုံနိုင်စွာ ကိုယ့်ပါးကို ပွတ်ကြည့်မိသေးတယ်။ ငိုနေတာမဟုတ်ပေမဲ့ လက်ခုံမှာ မျက်ရည်စတွေနဲ့ဗျ....။ ကိုယ့်ကိုကိုယ် ခါးသက်စွာ ရယ်မောပစ်မိသေးတယ်။
အတွေးတွေပျံ့လွင့်နေစဉ်မှာပဲ လမ်းသွယ်ကွေ့လေးကနေ သူမ ပေါ်လို့လာတယ်။ အဲဒီလမ်းကလေး တစ်ဖက်တစ်ချက်မှာ ပန်းဖြူဖြူလေးတွေ ပွင့်နေတတ်တယ်။ လေထဲလွင့်ပျံလို့နေတတ်တဲ့ သူမရဲ့ ဆံနွယ်တွေထဲက ဝတ်မှုန်လေးတစ်ပွင့် ဖြစ်ချင်မိတဲ့ ကိုယ့်အတွေးဟာ သူငယ်ချင်းအတွက် စည်းတစ်ခုထားပေးနေခြင်းပဲလို့ ကိုယ့်ကိုကိုယ် ဖြေသာတွေးမိလိုက်သေးတယ်။
ဟုတ်တယ်...
ကျွန်တော်လေ.... သူမကို မပွေ့ဖက်ချင်ဘူး၊ မနမ်းရှုံ့ချင်ဘူး။
သူမဆံနွယ်ထဲက ဝတ်မှုန်လေးတစ်ပွင့်ဖြစ်နေရရင်ကို ကျေနပ်နေမှာပဲ။
သူမကို ဘာကြောင့်ချစ်မိသလဲလို့ ကိုယ့်ကိုကိုယ်လည်း မေးခွန်းထုတ်မိတယ်။
သူမဟာ မိန်းကလေးဆန်တော့ မယောင်ယောင်နဲ့ တစ်ခါတရံမှာလည်း ကြမ်းတမ်းစွာ အော်ဟစ်ရယ်မောတတ်တာကြောင့်လား...။
အသားတွေ ညိုမဲသွားးမှာကို မကြောက်တတ်လို့ နေပူပူထဲမှာ လွတ်လပ်ပေါ့ပါးစွာ လျှောက်တတ်တဲ့ မိန်းမတစ်ယောက်မို့လို့လား...။
သူမရဲ့ ထူးခြားတဲ့ ခပ်ဝဲဝဲ အသံလေးကြောင့်လား။
သူမ လှသလား... မလှဘူးလားဆိုတာထက်... သူမရဲ့ အနုပညာကိုမြတ်နိုးတတ်မှုနဲ့ အတွေးတွေကို ချစ်သွားမိတာလား...။ သူမရဲ့ ရုပ်ထက် စိတ်ကို ချစ်မိသွားတာဆိုရင် ပိုမှန်လိမ့်မယ်။
♫♥●••·˙ ˙·••●♥♫ ♫♥●••·˙ ˙·••●♥♫ ♫♥●••·˙ ˙·••●♥♫
သူမကို ရင်ခုန်မိတဲ့နေ့က ကိုယ့်ကိုကိုယ်တောင် အံ့သြသွားမိတယ်။

အဲဒီနေ့က ပန်းချီပြခန်းထဲမှာ ပန်းချီကားတစ်ချပ်ကို ငေးကြည့်နေတဲ့ သူမရဲ့ နောက်ပိုင်းကို ဘာရယ်မဟုတ် ကြည့်လိုက်မိချိန်က စတယ်လို့ ပြောရမယ်။ သူမရဲ့ နောက်ပိုင်းလို့ ဆိုရာမှာလည်း ခါးတွေ၊ တင်တွေကို ရည်ညွှန်းတာ မဟုတ်ဘူးဗျ။ သူမရဲ့ ဆံပင်လေးတွေ ကျောလယ်မှာ ဝဲကျနေတာကို မြင်လိုက်ရတာမှာ ရင်ထဲမှာ စမ်းရေနွေးနွေးလေး စီးဆင်းသွားသလိုပဲ။ ဒါပေမဲ့ စမ်းရေနွေးနွေးလေးဟာ ရေတံခွန်ကြီးလို ဖြစ်လာတာ။ ကိုယ့်ရင်ဘတ်ကိုတောင် ကိုယ် မယုံနိုင်ခဲ့ဘူး။
ယောင်္ကျားတစ်ယောက် ရင်ခုန်သွားရလောက်တဲ့ အလှတွေ သူမ မှာ ရှိမနေပါဘူး။ ယောင်္ကျားတစ်ယောက် ရင်ခုန်သွားရလောက်အောင်လည်း ချစ်စရာကောင်းတဲ့ အမူအယာလေးတွေ သူမ မလုပ်တတ်ဘူး၊ လုပ်လည်း မလုပ်ဘူးလို့ ထင်တယ်။
သူမကို ငေးကောင်းကောင်းနဲ့ ငေးနေတုန်း မျိုးလွင်ရဲ့ လက်က ပခုံးပေါ်ကို ခပ်ကြမ်းကြမ်းသက်ရောက်လာတယ်။
"ငါ့... ဖြူနွေးလေး ချစ်ဖို့ကောင်းတယ်မဟုတ်လား"
ရင်ထဲမှာ ဖြတ်သန်းစီးဆင်းနေတဲ့ ရေတံခွန်ကြီးဟာ ရုတ်တရက် တိကနဲ ရေတွေခမ်းခြောက်သွားသလိုခံစားလိုက်ရတယ်။ ဟုတ်တယ်။ အပြစ်ရှိသလိုခံစားလိုက်ရတယ်။
တစ်စုံတရာကို ရှက်သွားသလိုလည်း ခံစားလိုက်ရတယ်။ ဒီခံစားချက်တွေ မဖြစ်သင့်ဘူး။ မျိုးလွင်အပေါ်မှာ သစ္စာထားရမယ်ဆိုတဲ့ အသိစိတ်ကြောင့် ခုန်နေတဲ့ ရင်ဟာ ရုတ်တရက် ဆိတ်ငြိမ်သွားလိုက်တာဆိုတာ။
"ငါ့ ဖြူနွေး...."
ဟုတ်တယ်....။ ဖြူနွေးဟာ မျိုးလွင်ရဲ့ ဖြူနွေး။ မျိုးလွင်ဟာ ဖြူနွေးကို သူအရင်မြင်၊ သူအရင်ချစ်မိတယ်လို့ ကြေငြာထားခဲ့ပြီးသား မဟုတ်ပါလား။ အဲသလို ကြေငြာထားပြီးတဲ့ မျိုးလွင်ကြောင့် ကျွန်တော်ဟာ အရာရာ ရှုံးနိမ့်သွားခဲ့ပြီ။
သစ္စာတရားဆိုတာဘာလဲ။ အချစ်နဲ့စစ်မှာ အမှန်တရားလို့လည်း ဆိုကြတယ်။ အချစ်ဆိုတာဟာလည်း တစ်ကြိမ်မက အဖန်ဖန်ပေါက်ဖွားလာတတ်တာလား။ အဖန်ဖန်ပေါက်ဖွားဖူးတယ်ဆိုရင်တောင်မှ ဖြူနွေးအပေါ်မှာ ထားမိတဲ့ မေတ္တာမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးသလို၊ နောက်ထပ်ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ မျိုးလွင်နဲ့ယှဉ်ပြိုင်ပြီး ဖြူနွေးအချစ်ကို ရယူဖို့တော့ စိတ်တောင်ကူးလိမ့်မှာ မဟုတ်ဘူး။
ဖြူနွေးကကော....... မျိုးလွင်ကို အကြင်နာပိုတယ်ဆိုတာ သိသာလွန်းပါတယ်။
မိန်းမတို့ရဲ့ သဘာဝက သနားတတ်တဲ့အတွက် မျိုးလွင်ထက်ပိုပြီး အနည်းငယ်သာနေသလိုဖြစ်တဲ့ ကျွန်တော့အပေါ်မှာ သနားစိတ်ကလေးတောင် ဝင်ပုံမရတာကိုလည်း နားလည်ထားပြီးသားပါ။
ပန်းချီပြခန်းကအပြန် မိုးတွေက ဝုန်းဆိုရွာချလိုက်တာ။ ရင်ထဲမှာ ဘာရယ်မဟုတ် အေးချမ်းသွားတယ်ဗျာ။
ထီးဆောင်းထားတဲ့ ဖြူနွေးက မျိုးလွင်နဲ့ ကိုယ့်ကြားမှာ.။ သူတို့ ဆောင်းနိုင်ပါစေရယ်လို့ မသိမသာ နောက်ချန်နေလိုက်တယ်။
"ဟဲ့... အနားလာလေ.. နင်မိုးတွေအရမ်းစိုနေတယ်"
"ရတယ်.. အေးဆေး..."
ကားဂိတ်ရောက်တော့ မျိုးလွင်က ဖြူနွေးကို လိုက်ပို့မယ်ဆိုပြီး လိုင်းကားပေါ်ပါသွားချိန် ကျွန်တော်ကတော့ အခြားလိုင်းကားစောင့်ရင်း မိုးရေထဲကျန်ခဲ့တယ်။
အဲဒီနေ့က သဲသဲမဲမဲရွာနေတဲ့မိုးကို ချစ်လိုက်တာဆိုတာ....
ဘာကြောင့်ရယ်မှန်းတောင် မသိတော့ပါဘူးဗျာ....။
♫♥●••·˙ ˙·••●♥♫
မိုးမိသွားတယ်ဆိုတော့ ကျွန်တော် ဖျားခဲ့တယ်ပေါ့ဗျာ။ ဖျားတာမှ ရက်ရက်စက်စက် ဖျားတာ။
ဖြူနွေးကို အိပ်မက်တွေ မက်တာပေါ့ဗျာ။ မက်တယ်ဆိုတာ ဖျားမှ မက်တာမဟုတ်ပါဘူး။ သူမကို အိပ်မက်တွေမက်နေတာ နှစ်နဲ့ချီနေပြီ။ စီးရီးလိုက်ကို မက်တာ။
တစ်ခါက.... အတူူတူယှဉ်တွဲထိုင်ရတယ်လို့ မက်မိရုံလောက်နဲ့ ကျွန်တော့်မှာ ပျော်လိုက်ရတာဆိုတာ။
ဖျားနေတုန်း ဖြူနွေး ကျွန်တော့ဆီလာပါတယ်။ ဖျားနေတဲ့ သူငယ်ချင်းကို လာကြည့်တာ... ဘာမှထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ သူ့အမေပြုတ်ပေးလိုက်တဲ့ ဆန်ပြုတ်ကို ချိုင့်လေးနဲ့ ထည့်ယူလာတယ်။ ပြီးတော့ မေမေပြင်ပေးတဲ့ ပန်းကန်လေးနဲ့ လာတိုက်တယ်။
ဆန်ပြုတ်တိုက်တယ်ဆိုလို့ ရုပ်ရှင်တွေထဲကလို ယုယုယယ ခွံ့ကျွေးတာ မဟုတ်တဲ့ အပြင်၊ ကျွန်တော်လည်း အားနာတာနဲ့ ကိုယ့်ဟာကိုယ် ထထိုင်သောက်ပါတယ်။ ပန်းကန်လေးထဲ ဇွန်းမပါလို့ လှမ်းပေးလိုက်တဲ့အချိန် သူလက်ဖျားထိပ်ကလေးနဲ့ ထိသွားတာလောက်ပဲ ပြောစရာရှိတယ်။
အဲ... သူမက ဆံပြုတ်သိပ်ပူနေလားလို့ ဘာရယ်မဟုတ်... ဆံပြုတ်ကို ဇွန်းကလေးနဲ့ နည်းနည်းလေးခပ်ပြီး မြည်းကြည့်လိုက်သေးတယ်။
"ပြစမ်း... အရမ်းပူနေလားလို့.... ရွှတ်... အင်း... အရမ်းမပူဘူး။ နင်သောက်လို့ရတယ်"
ကျွန်တော့ရင်ထဲမှာ အတိုင်းမသိတဲ့ ခံစားချက်ကို ခံစားခဲ့ရတယ်။ ဘယ်လိုရှင်းပြရမှန်းတောင်မသိဘူး။
တစ်ကိုယ်လုံး တရှိန်းရှိန်းဖြစ်သွားခဲ့တယ်။
ကျွန်တော်ပြောခဲ့ပြီးပြီ။ ကျွန်တော့မှာ ရည်းစားတွေ ရှိခဲ့ဖူးတယ်။ ချစ်သူမိန်းကလေးကို ဖက်ဖူးနမ်းဖူးတယ်။
ဒါပေမဲ့ အနားမှာထိုင်နေတဲ့ ဖြူနွေးကိုတော့ ပွေ့ဖက်ချင်စိတ်၊ နမ်းရှုံ့ချင်စိတ်တော့ မဖြစ်ဘူး။ သူမကို ဒီအတိုင်းလေးပဲ ထိုင်ကြည့်နေချင်တယ်။ သူမနဲ့ စကားတွေအများကြီးပြောချင်တယ်။ သူမလက်ကလေးကို မသေခင် တစ်ခါလောက် ဆုပ်ကိုင်ဖူးချင်တယ်။ ပန်းတွေဝေနေတဲ့ မြက်ခင်းပြင်ပေါ်မှာ ယှဉ်တွဲလှဲလျှောင်းရင်း ကောင်းကင်ပြာကြီးကို ငေးကြည့်နေကြတာမျိုးကလွဲလို့.... ဘာမှ မလိုချင်ခဲ့ဘူး။
ဟုတ်တယ်........။
တစ်ခါတလေ စိတ်အားငယ်သလိုဖြစ်မိချိန်မှာ သူ့ လက်ကလေးကိုတော့ ကိုင်ထားကြည့်ချင်မိတယ်။
ဖြူနွေးရဲ့ လက်ချောင်းထိပ်လေးနဲ့ ထိခဲ့မိတဲ့ အဖြစ်၊ သူမ နှုတ်ခမ်းနဲ့ ထိထားတဲ့ ဇွန်းကလေးနဲ့ပဲ ဆံပြုတ်စားခဲ့ရတဲ့ အဖြစ်ကတော့ မတွေးဘဲလဲ ကျွန်တော့ အတွေးထဲရောက်လာတတ်တယ်။ ညစဉ်ညတိုင်း အလိုလို ရောက်လာတယ်ဗျာ....။ အဲဒီအခါတိုင်းမှာလည်း ရှက်သလိုလို ကြည်နူးသလိုလို ဖြစ်မိတယ်။
ရောက်ဖူးချင်လှတဲ့ ဟိမဝန္တာတောင်တန်းကြီးပေါ်ကို ရောက်ဖူးရလို့ ကြည်နူးရသလို၊ ပင်လယ်ပြာပြာထဲ ပျံဝဲရလို့ ရင်သိမ့်တုန်ရသလိုမျိုးထက် သာပါတယ်။ လက်ဖျားလေးထိတာဟာ ဘာမှ ထူးခြားလှတာမဟုတ်ပေမဲ့လည်း ကျွန်တော့အတွက် ဓာတ်လိုက်သလိုဖြစ်ခဲ့ရတာ။ ဒီအဖြစ်ကို မယုံနိုင်ဘူးဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် ဟက်ဟက်ပက်ပက် ရယ်မောမိတဲ့ ညတွေလည်း ရှိခဲ့တယ်။
♫♥●••·˙ ˙·••●♥♫
ဖြူနွေးကကော ကျွန်တော့ကို နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား။
ကျွန်တော် မျှော်လင့်မိတာပေါ့။ မျိုးလွင်ကို အားနာတဲ့ စိတ်နဲ့ပဲ မျှော်လင့်ချက် သေးသေးလေးနဲ့ မျှော်လင့်မိတယ်။ သူမရဲ့ အပြုအမူလေးတွေကို ပြန်လည်ဆန်းစစ်ရင်း ကျွန်တော့ကို သူ ဂရုစိုက်ပါ့မလားဆိုတဲ့ အတွေးတွေ ဟိုဒီနဲ့ပေါ့။
ဒီကြားထဲမှာ မျိုးလွင်က သဝန်တိုချင်လာတယ်။ ကျွန်တော့ရဲ့ အမူအယာတွေဟာ သိုသိပ်မှု မရှိတော့လို့လား မသိဘူး။ မျိုးလွင်ရဲ့ မသိမသာသဝန်တိုလာမှုကြောင့် ထိန်းရတော့မယ်ဆိုတာ သိလိုက်ရတယ်။
တစ်ရက်မှာတော့ မျိုးလွင်ရှေ့မှာ ပက်ပက်စက်စက်မူးပြီး မိန်းမတစ်ယောက်ကို ချစ်မိတယ်လို့ ပြောပြီး ငိုမိခဲ့တယ်...။ အဲဒီမိန်းမကို ဘယ်လောက်ချစ်မိကြောင်းပြောပြောပြီး အရှက်မရှိ ငိုခဲ့မိတယ်လို့ ဆိုရမယ်။ ပြန်တွေးမိတိုင်း ကိုယ့်ကိုကိုယ်လည်း ထိုးပစ်ချင်စိတ်ပေါက်ခဲ့တယ်။
"ဘယ်တစ်ယောက်လဲ။ နှင်းနုလား"
"မဟုတ်ပါဘူးကွာ........"
"မပျိုးလား..."
"တော်တော့ကွာ........... မင်းဟာကြုံရာအမည်တွေလာခေါ်ပြနေတယ်"
"ဟ... မင်းက ဘာမှန်းမသိတော့ ငါလည်း ထင်ရာအမည်တွေခေါ်နေရတာပေါ့။ ပြော... ဘယ်သူလဲ"
"မင်း မသိပါဘူး"
"အဲလောက်ဖြစ်နေရင်လည်း......... ဖွင့်ချလိုက်ပေါ့ကွာ"
"သူ့မှာ အိမ်ထောင်ရှိတယ်ကွ"
"ဟာ.. အဲ.... အဲဒါတော့ မဖြစ်ဘူး"
"အေး.. ဟုတ်တယ်.. ဒါကြောင့် ငါအခုလို အရမ်းခံစားနေရတာပေါ့ကွာ၊ သူ့ကိုချစ်မိတဲ့ ငါ့ကိုငါလည်း ရွံတယ်"
ကျွန်တော် ပေါက်ကွဲခဲ့မိတယ်။ မျိုးလွင်က ကျွန်တော်ချစ်နေတာဘယ်သူလဲ အတင်းမေးတာနဲ့ အင်တာနက်မှာတွေ့တဲ့ ကြုံရာဓာတ်ပုံတစ်ပုံကို ထုတ်ပြခဲ့မိတယ်။
"မိုက်တော့ မိုက်တယ်ကွ..."
"အေး...."
အဲဒီနေ့ကစပြီး ကျွန်တော်လည်း ကျွန်တော့လုပ်ဇတ်လမ်းထဲမှာ တဝဲလည်လည်ဖြစ်နေခဲ့ရတယ်။
တစ်ခုတော့ ကောင်းတာက သုံးယောက်ဆုံတိုင်း စိတ်ကြိုက်တွေးခွင့်၊ ဆွေးခွင့်ရတယ်။ ရီဝေနေတဲ့ မျက်လုံးတွေကို ဟန်ဆောင်ဖုံးထားစရာ မလိုတော့ဘူး။
မျိုးလွင်နဲ့ ဖြူနွေး အတူယှဉ်တွဲထိုင်ပြီး ကြည်နူးရယ်မောကြတိုင်း ပျက်သွားတဲ့ မျက်နှာကို ဖုံးစရာမလိုတော့ဘူး။
မချစ်သင့်တဲ့ မိန်းမတစ်ယောက်ကို ချစ်နေမိလို့ ကြေကွဲနေတဲ့ ပုံစံကို ဖုံးဖိထားစရာမလိုတော့ဘူး။ ဒါပေမဲ့ အဲဒီမချစ်သင့်တဲ့ မိန်းမဟာ မျိုးလွင်က သူချစ်နေပြီးသားပါလို့ ပြောထားပြီးသားဖြစ်တဲ့ ဖြူနွေးဆိုတာကိုတော့ ဖြူနွေး ဘယ်သိနိုင်ပါ့မလဲ။
ဖြူနွေးကတော့ ကျွန်တော် အဲသလိုဖြစ်တိုင်း ရွံရှာတဲ့ အကြည့်နဲ့ ကြည့်တယ်။ သစ္စာတရားဆိုတာကို မသိမသာ တရားဟောလေတယ်။
"လူဆိုတာ သစ္စာတရားနဲ့ အသက်ရှင်ရတယ်"
"သစ္စာမရှိရင် လူတစ်ယောက်မှာ ဘာတန်ဘိုးမှ မရှိဘူး"
"စားစရာမရှိရင်နေပါစေ.. သစ္စာတရားကို ရင်မှာပိုက်ပြီး အသက်သေခံသွားမယ်"
ဖြူနွေးရဲ့ သစ္စာတရားနဲ့ ပတ်သက်တဲ့ စကားလုံးတွေကြား အံကြိတ်ပြုံးထားရုံကလွဲလို့ ကျွန်တော်ဘာများ တတ်နိုင်ဦးမှာလဲ။
အချစ်ဆိုတာ အရာရာကို ဖောက်ထွင်းကျော်လွန်ကြောင်း၊ အချစ်ဆိုတာ ဖြူနွေးထင်သလို ကိုယ်ခန္ဒာပေါင်းစည်းခြင်းနဲ့သာ မသက်ဆိုင်ကြောင်း ကျွန်တော် ပြောမပြတော့ပါဘူး။
တကယ်တော့.....
ကျွန်တော့ရင်ထဲက အဖြစ်တွေကို...
ဖြူနွေး ဘယ်တော့မှ သိနိုင်မှာ မဟုတ်သလို...
သိလည်း မသိစေချင်တော့ပါဘူး။
ဖြူနွေးရဲ့ အချစ်ကိုလည်း ကျွန်တော် မလိုချင်ဘူး။
ဖြူနွေးနှုတ်ခမ်းနဲ့ ထိထားဖူးတဲ့ ဇွန်းကလေးနဲ့ ဆန်ပြုတ်သောက်ခဲ့ရခွင့်၊ လက်ထိပ်ဖျားလေးကို ထိခွင့်ရခဲ့တာနဲ့ပဲ ဒီဘဝအတွက် ကျေနပ်နေမယ်။
ဒီလိုနဲ့..........
ဖြူနွေးကို သိပ်ချစ်နေမိတဲ့ ကျွန်တော်ဟာ.. ဖြူနွေးရဲ့ အကြင်နာကို ရဖို့နေနေသာသာ... အိမ်ထောင်သယ်တစ်ယောက်ကို ချစ်မိတဲ့ သစ္စာမဲ့တဲ့ ယောကျ်ားတစ်ယောက်၊ ယုံကြည်စရာ မရှိလောက်တဲ့ ယောကျ်ားတစ်ယောက်ဆိုတဲ့ အမြင်တွေနဲ့အတူ ဖြူနွေးရဲ့ အမုန်းမျက်လုံးတွေကိုသာ ပိုင်ဆိုင်ခဲ့ရသူတစ်ယောက် ဖြစ်ခဲ့ပါတော့တယ်။
Comments